ပြည်သူ့စစ်မှုထမ်းများအတွက် သင်တန်းကျောင်းများကို စီစဉ်ထားပြီးဖြစ်ဟု စစ်ကောင်စီဆို

ပြည်သူ့စစ်မှုထမ်းများအတွက် သင်တန်းကျောင်းများကို စီစဉ်ထားပြီးဖြစ်ဟု စစ်ကောင်စီဆို

ပြည်သူ့စစ်မှုထမ်းများအတွက် သင်တန်းကျောင်းများကို စီစဉ်ထားပြီးဖြစ်ကြောင်း စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ၂၀၂၄ခုနှစ် မတ်လ(၄)ရက်နေ့တွင် ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေးတွင် ပြောသည်။

ပြည်သူ့စစ်မှုထမ်းများ လေ့ကျင့်ရေးအလုပ်အဖွဲ့အနေဖြင့် သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်ရေး လေ့ကျင့်သင်ကြားပေးနိုင်မည့် သင်တန်းကျောင်းများကို လျာထားစီစဉ်ထားပြီးဖြစ်သည်ဟု ဆိုသည်။ 

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟို၊ ဥက္ကဋ္ဌရုံးအဖွဲ့ကို ဖေဖော်ဝါရီလ (၂၁)ရက်နေ့၊ မြို့နယ်၊ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို ဖေဖော်ဝါရီလ (၂၂)ရက်နေ့၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်းသည့် အလုပ်အဖွဲ့ (၈)ဖွဲ့ကို ဖေဖော်ဝါရီလ (၂၄)ရက်နေ့၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ IT နည်းပညာနှင့် အချက်အလက်မှတ်တမ်းတင်ခြင်း အထောက်အကူပြုလုပ်ငန်းအဖွဲ့နှင့် ပြည်သူ့စစ်မှုထမ်းများ အလုပ်အကိုင် ပြန်လည်ခန့်အပ်ရေးအလုပ်အဖွဲ့ကို ဖေဖော်ဝါရီလ(၂၅)ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ဝါဒဖြန့်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အချက်အလက်များကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၁)ရက်နေ့မှစ၍ Mobile Operator (၄)ခုမှတစ်ဆင့် Short Message Service (SMS)များ ပေးပို့လုပ်ဆောင်နေသည်ဟု ဆိုသည်။

ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာနမှလည်း လက်ကမ်းစာစောင် စောင်ရေတစ်သိန်းအား တိုင်းဒေသကြီး၊ ပြည်နယ်များမှတစ်ဆင့် ဖြန့်ဝေပေးခဲ့ကာ စစ်ကောင်စီဝါဒဖြန့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြားနှင့် ရေဒီယိုတို့မှလည်း သတင်း၊ TV Spot၊ ဆောင်းပါးနှင့် အယ်ဒီတာ့အာဘော်များအပြင် ဇော်မင်းထွန်းကလည်း ပြောဆိုထုတ်လွှင့် ဝါဒဖြန့်နေသည်ဟု ဆိုသည်။

#TachileikNewsAgency