သပိတ်ကျင်းမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီသား ၁၄ ဦးသေ

သပိတ်ကျင်းမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီသား ၁၄ ဦးသေ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်သား အလောင်း (၁၄)လောင်းနှင့် လက်နက်ငယ် (၁၈)လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ်(၁)စစ်ဒေသထံမှ သိရသည်။

သပိတ်ကျင်းမြို့နယ်ရှိ မတောင်ရွာ၊ မန်ကျည်းကုန်းရွာနှင့် ဆင်ညှပ်ကုန်းရွာတို့၌ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်၏ စစ်ကြောင်း (၂)ကြောင်းအား အထူးလှုပ်ရှားတပ်ရင်း-၃၊ အမှတ် (၅၁၁) တပ်ရင်း၊ အမှတ် (၅၁၂) တပ်ရင်း၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့နှင့် သပိတ်ကျင်းမြို့နယ် ပကဖတို့က ၂၀၂၄ ခုနှစ် မတ်လ (၅) ရက်‌နေ့မှ မတ်လ (၇)ရက်‌နေ့အထိ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီမှ ဒုဗိုလ်မှူးကြီး ရဲခေါင် ဦးစီး တတက-၁၃ အင်အား (၉၅) ဦးပါ စစ်ကြောင်း(၁)သည် တကောင်းမြို့မှ ချီတက်လာပြီး ဗိုလ်ကြီးထိန်လင်း ဦးစီး တတက-၁၃ အင်အား (၇၀)ပါ စစ်ကြောင်း(၂)သည် လက်ပံကုန်းရွာမှ ချီတက်လာရာက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

မတ်လ (၇)ရက်နေ့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် (၃) ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီး စက်သေနတ်ဖြင့် (၁၀)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း တော်လှန်‌ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

တိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်သား အလောင်း (၁၄)လောင်းနှင့် လက်နက်ငယ်(၁၈)လက်၊ ကျည်မျိုးစုံ (၄၂၀၀)ကျော်၊ ဗုံးသီးမျိုးစုံ (၃၀)ကျော်၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: အမှတ်(၁) စစ်ဒေသ