သံတွဲမြို့ကို စစ်ကောင်စီတပ်က ဖြတ်လေးဖြတ်လုပ်ထားသဖြင့် ကုန်ပစ္စည်းများပြတ်လပ်ကာ မြို့မဈေးရှိ ဆိုင်ခန်းများ ပိတ်သိမ်းလာရ

သံတွဲမြို့ကို စစ်ကောင်စီတပ်က ဖြတ်လေးဖြတ်လုပ်ထားသဖြင့် ကုန်ပစ္စည်းများပြတ်လပ်ကာ မြို့မဈေးရှိ ဆိုင်ခန်းများ ပိတ်သိမ်းလာရ
ဇန်နဝါရီ 3, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် သံတွဲမြို့ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖြတ်လေးဖြတ်ဖြင့် ပိတ်ဆို့ထားသဖြင့် ကုန်ပစ္စည်းအဝင်မရှိတော့ဘဲ မြို့မဈေးရှိ ဆိုင်ခန်းများ ပိတ်သိမ်းရသည်အထိ ဖြစ်လာကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်သို့ အဝင်လမ်းများအားလုံးကို ပိတ်ထားခြင်းဖြစ်သည်။

"ဖြတ်လေးဖြတ်လို ပိတ်ထားတော့ ရန်ကုန်ကနေ ဘာကုန်ပစ္စည်းမှ မဝင်ဘူး။ စစ်ကောင်စီတပ်က ကြက်စာနဲ့ ဝက်စာပဲပေးဝင်ခံတယ်။ တခြားကုန်ပစ္စည်းဆို လမ်းကစစ်ဆေးရေးဂိတ်မှာတင် သိမ်းယူထားလိုက်တယ်။"ဟု ‌သံတွဲမြို့မှ ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်က ပိတ်ဆို့ထားသဖြင့် ရန်ကုန်မှသာဝင်ရောက်သည့် အာလူး၊ ကြက်သွန်၊ ဆီ၊ ဓါတ်ဆီ၊ ကော်ဖီ စသည့်ကုန်ပစ္စည်းများ ပြတ်လပ်နေပြီး မြို့မဈေးအတွင်းရှိ ဆိုင်ခန်းများ ပိတ်သိမ်းရသည်အထိ ဖြစ်လာသည်ဟု ဆိုသည်။

"အခုက ရန်ကုန်ကဝင်တဲ့ ပစ္စည်းအားလုံးကို မတန်တဆဈေးတွေနဲ့ ဝယ်နေရတာပေါ့။ ဆိုင်တွေတော်တော်များများလည်း ပြတ်နေပြီ။ အခုက ကိုင်းရာသီဆိုတော့ အသီးအနှံက နည်းနည်းတော်တာပေါ့။ ဈေးကြီးတော့ ဖွင့်ထားတာပေါ့။ ပိတ်လိုက်တဲ့ ဆိုင်ခန်းတွေလည်းရှိတယ်။ တစ်ရက်လုံးထိုင်မှ ငွေ ၂၀၀၀ဖိုး၊ ၃၀၀၀ဖိုး ရောင်းရ ပြန်လာရပေါ့။ ရက်တော်တော်များက ဈေးဦးတောင်မပေါက်ဘူး။ အခုအဲဒီလို အခြေအနေဖြစ်နေတယ်။"ဟု သံတွဲဈေးမှ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် မြို့ပြင်အဝင်အထွက်များအပြင် မြို့တွင်းသို့ ဝင်ရောက်နိုင်သည့် ကျေးရွာများတွင်လည်း စစ်ဆေးရေးဂိတ်များချကာ ပိတ်ဆို့ထားသည်ဟု သိရသည်။

"သံတွဲမှာလည်း ပစ္စည်းတွေအားလုံးပြတ်နေပြီ။ ဆိုင်တွေအားလုံးလည်း ဟောင်းလောင်းဖြစ်နေပြီ။ အားလုံးအငတ်ဘေးရောက်တော့မယ်ထင်တယ်။"ဟု ဒေသခံတစ်ဦးကပြောသည်။

သံတွဲမြို့ကို ကုန်းလမ်းမှ ဝင်ရောက်နိုင်သည့် လမ်းကြောင်းများအားလုံးအား ပိတ်ဆို့ထားပြီး လေကြောင်းမှသာ သွားလာနိုင်သော်လည်း လေယာဉ်လက်မှတ်ဈေးမှာ တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀၀)အထိ ဈေးရှိနေသည်ဟု သိရသည်။

#TachileikNewsAgency