စစ်ကောင်စီ၏ စင်တင်တေးဂီတဖျော်ဖြေမှုလုပ်ငန်းလိုင်စင်သစ်ကို ဆိုင်ရှင်နှင့် အဆိုရှင်များဝေဖန်

စစ်ကောင်စီ၏ စင်တင်တေးဂီတဖျော်ဖြေမှုလုပ်ငန်းလိုင်စင်သစ်ကို ဆိုင်ရှင်နှင့် အဆိုရှင်များဝေဖန်

ရန်ကုန်တိုင်းအတွင်းရှိ စင်တင်တေးဂီတလုပ်ငန်းများတွင် ဖျော်ဖြေမည့်သူများ မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် ဝတ်စားဆင်ယင်မှုမျိုးမဖြစ်စေရဟုဆိုကာ စည်းကမ်းချက်များစွာပါရှိသည့် လုပ်ငန်းလိုင်စင်သစ်လျှောက်လွှာကို စစ်ကောင်စီ၏ ရန်ကုန်တိုင်းဒေသကြီး စင်တင်တေးဂီတဖျော်ဖြေမှုလုပ်ငန်း ကြီးကြပ်မှုကော်မတီက  လုပ်ငန်းရှင်များထံ ပေးပို့ထားကြောင်း သိရသည်။ 

စင်တင်တေးဂီတ ဖျော်ဖြေမှုလုပ်ငန်းကြီးကြပ်မှုကော်မတီမှ လုပ်ငန်းရှင်များအားပေးပို့သည့် စည်းကမ်းချက်နှင့် ခံဝန်ကတိများတွင် ယင်းသို့ဖော်ပြထားပြီး စည်းကမ်းချက်များနှင့် ခံဝန်ကတိလက်မှတ်ရေးထိုးရမည့် အချက်များစွာပါဝင်လာသဖြင့် ဆိုင်ရှင်နှင့် အဆိုရှင်များက ဝေဖန်ထားကြသည်။ 

“သူတို့ပြောတဲ့ပုံစံက သူတို့ဆွဲချင်ရင် တစ်ခုခုနဲ့ဆွဲလို့ရတယ်။ တချက်မဟုတ် တစ်ချက်ကငြိနေမှာ။ အပိုင်ချုပ်ထားတာ။ အမြင်ကပ်ရင် ဖမ်းမယ်ဆိုတဲ့သဘောပဲ။ ဘယ်လောက်ပြင်ဆင် ပြင်ဆင် တချက်မဟုတ် တချက်ကငြိမှာ။ မြန်မာ့ယဉ်ကျေးမှုအဝတ်ဆိုတာ သတ်မှတ်ချက်မရှိဘူးလေ။ ဘယ်ဟာဝတ်ရမယ်ဆိုတာ မတိကျဘူး။ ဘောင်းဘီတောင်ငြိတယ်။ မြန်မာ့အဝတ်အစားဆိုတာဘာလည်း အဲဒါကိုလည်း ရှင်းမထားဘူး။”ဟု စင်တင်တေးဂီတတွင် ဖျော်ဖြေရေးလုပ်နေသည့် အဆိုရှင်တစ်ဦးက Tachileik News Agencyကိုပြောသည်။

အဆိုပါ ခံဝန်ကတိစာတွင် အချိန်မရွေး စစ်ဆေးခံရန်အတွက် ပင်တိုင်အဆိုတော်၊ တီးခတ်သူများ၏ ဓာတ်ပုံနှင့် ကိုယ်ရေးအချက်အလက်များကို ဆိုင်တွင်ချိတ်ဆွဲထားရမည်ဟုလည်း ပါရှိသည်။

“အဲတာကလည်း တီးတဲ့လူ၊ ဆိုတဲ့လူက ဒီဆိုင်မှာ ပင်တိုင်ဆိုပါတယ်ဆိုတာမျိုးကရှိတယ်၊ ရှားတယ်။ တစ်ဆိုင်မကောင်း တစ်ဆိုင်ပြောင်းကြတာရှိသလို ဆိုင်ရှင်ကလည်း တစ်ယောက်မကောင်း တစ်ယောက် ပြောင်းတာပဲ။ အဆင်ပြေသလို လုပ်နေကြတာ။ စာထုတ်ထားတဲ့ စည်းကမ်းချက်အတိုင်း ကွက်တိလုပ်မယ်ဆိုရင် ဘယ်ဆိုင်မှမညီဘူး။”ဟု အဆိုရှင်တစ်ဦးက ပြောသည်။

ထို့အပြင် အဆောက်အဦး(သို့မဟုတ်)အခန်းသည် အသံလုံခြုံသည့်(Sound Proof)ဖြစ်ရမည်ဖြစ်ပြီး ပတ်ဝန်းကျင်အား အနှောင့်အယှက်မဖြစ်စေကြောင်းလည်း ခံဝန်ကတိလက်မှတ်ရေးထိုးရမည်ဟု ဆိုသည်။

“Unplugged Music တော်တော်များမျာဆိုင်တွေက Sound Proof မလုံတာများတယ်။ အဲ့အချက်ကလည်း အကုန်ငြိတယ်။ အဆင်ပြေအောင် ပေးကမ်းပေါင်းသင်းလုပ်ရင်လုပ်၊ မလုပ်ရင်နားလိုက်တော့ ဒါပဲရှိတယ်။ ပြပြီးလုပ်ရတဲ့စင်တင်တွေလည်း တိုင်ပတ်သွားမယ်။ ပိုက်ဆံနဲ့လုပ်ရင်လုပ် မလုပ်ရင်ပြုတ်ပဲ။”ဟု စင်တင်တေးဂီတ လုပ်ငန်းရှင်တစ်ဦးက Tachileik News Agencyကိုပြောသည်။

အဆိုပါ စည်းကမ်းချက်များနှင့် ခံဝန်ကတိများကိုလိုက်နာရန် အရှေ့ဒဂုံနှင့် တောင်ဒဂုံမြို့နယ်တို့ရှိ ဆိုင်ပိုင်ရှင်များအား ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၃၁)ရက်နေ့တွင် စစ်ကောင်စီ၏ ရန်ကုန်တိုင်းဒေသကြီး စင်တင်တေးဂီတ ဖျော်ဖြေမှုလုပ်ငန်းကြီးကြပ်မှုကော်မတီက ခေါ်ယူခဲ့ပြီး (၄၅)ရက်အတွင်း သတ်မှတ်ခွင့်ပြုချက်လိုင်စင်လုပ်ရမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ခေါ်ယူတွေ့ဆုံပြီးနောက် ရှောင်တခင် ဝင်စစ်ဆေးပါက လိုင်စင်မရှိသည့်ဆိုင်ကို အနည်းဆုံး(၃)နှစ်အထက် ပိတ်သိမ်းမည်ဖြစ်ကာ နှစ်စဉ်ကြေးမှာလည်း တစ်နှစ်ကို(၃၆)သိန်းဝန်းကျင် ကုန်ကျမည်ဟု ပြောဆိုကြောင်း သိရသည်။

#TachileikNewsAgency