မြန်မာနိုင်ငံ ကော့သောင်းဘက်သို့ ရနောင်းကနေ တရားမဝင် ဖြန့်ကျက်ပေးနေသည့် ထိုင်းအင်တာနက်လိုင်းများကို ဖမ်းဆီး သိမ်းဆည်း

မြန်မာနိုင်ငံ ကော့သောင်းဘက်သို့ ရနောင်းကနေ တရားမဝင် ဖြန့်ကျက်ပေးနေသည့် ထိုင်းအင်တာနက်လိုင်းများကို ဖမ်းဆီး သိမ်းဆည်း

မြန်မာ - ထိုင်းနယ်စပ်ဒေသ မြန်မာနိုင်ငံ ကော့သောင်းဘက်သို့ ထိုင်းနိုင်ငံ ရနောင်းဘက်ကနေ အင်တာနက် WiFi များ တရားမဝင်  ဖြန့်ကျက် ရောင်းချ ပေးဝေ သုံးစွဲ နေမှုများနှင့် ပတ်သက်ပြီး ထိုင်းစစ်တပ်နှင့်ရဲအပါအဝင် ပူးပေါင်းအဖွဲ့က ရှာဖွေ ဖမ်းဆီး သိမ်းဆည်းမှုများ လုပ်ဆောင်နေလျှက်ရှိကြောင်း သိရသည်။

 ရနောင်းဘက်ကနေ ကော့သောင်းဘက်သို့  ဦးတည်လှည့်ထားသည့် တာဝါတိုင်ပေါ်ရှိ အင်တာနက်ဖြန့်ဝေသည့် စက်ပစ္စည်းများကို ဖမ်းဆီးသိမ်းဆည်းနေရာ ၂၀၂၄ခုနှစ် မတ်လ(၁)ရက်နေ့ နှင့်   မတ်လ(၂)ရက်နေ့တို့တွင် ကော့သောင်း - ရနောင်း နယ်စပ်တလျှောက်ရှိ  မြန်မာဘက် သူဌေးကျွန်းဘက်သို့ ဦးတည်လှည့်ထားသည့် တာဝါတိုင် အပါအဝင် နေရာပေါင်း (၅)နေရာကနေ ဖမ်းဆီးသိမ်းဆည်းရရှိပြီး ယင်းသို့ လုပ်ဆောင်သူကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။

မြန်မာ - ထိုင်းနယ်စပ်ဒေသတလျှောက် တရားဝင်သွယ်တန်းထားသည်မှလွဲ၍ တရားမဝင် တဆင့်ခံ သွယ်တန်း ရယူထားသည့် အင်တာနက်လိုင်းများကို ထိုင်းနိုင်ငံ ဆိုက်ဘာရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေးဗျူရို(CCIB) အပါအဝင် စစ်ဘက် နှင့် နယ်ဘက် သက်ဆိုင်ရာဌာနများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီလ၏ နောက်ဆုံးပတ်ကနေ စတင်ပြီး ယနေ့အထိ ဖမ်းဆီးနေခြင်းဖြစ်ကြောင်းလည်း ထိုင်းရဲတပ်ဖွဲ့တို့၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ယင်းသို့ လုပ်ဆောင်ရခြင်းမှာ ထိုင်းဘက်ကနေ အင်တာနက်များ တရားမဝင်ရယူပြီး မြန်မာ -  ထိုင်းနယ်စပ်ရှိ မြန်မာဘက် မြို့များတွင် အွန်လိုင်းလိမ်လည်လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေခြင်းကြောင့် ဖမ်းဆီးခြင်းဖြစ်ပြီး ယခုလို ဖမ်းဆီးသိမ်းဆည်းမှုများ ပြုလုပ်ပြီးနောက် ကော့သောင်းဘက် ဒေသအုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ရေး အသိပေးအကြောင်းကြားသွားမည်ဟုလည်း ထိုင်းရဲတပ်ဖွဲ့ဘက် ထုတ်ပြန်ထားရှိသည်။

 

Photo: Thai CCIB