သီရိလင်္ကာတွင် ဆန္ဒပြသူများ အစိုးရအဆောက်အအုံများမှ ပြန်လည်ထွက်ခွာ၊ နိုင်ငံမှ ထွက်ပြေးသွားသည့်သမ္မတ စင်ကာပူသို့ ရောက်ရှိ

သီရိလင်္ကာတွင် ဆန္ဒပြသူများ အစိုးရအဆောက်အအုံများမှ ပြန်လည်ထွက်ခွာ၊ နိုင်ငံမှ ထွက်ပြေးသွားသည့်သမ္မတ စင်ကာပူသို့ ရောက်ရှိ
ဇူလိုင် 15, 2022 | နိုင်ငံတကာသတင်း
By Mr John

သီရိလင်္ကာနိုင်ငံတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများက သမ္မတနန်းတော်နှင့် ဝန်ကြီးချုပ်ရုံး အပါအဝင် အစိုးရအဆောက်အအုံများတွင် စီးနင်းဝင်ရောက် နေထိုင်ခြင်းကို ဇူလိုင်လ (၁၄) ရက်နေ့၌ အဆုံးသတ်လိုက်ပြီး ပြန်လည်ထွက်ခွာခဲ့ကြသည်။ 

သို့သော် အဆိုးဆုံး စီးပွားရေးအကျပ်အတည်း ကြုံတွေ့ရမှုကြောင့် သမ္မတနှင့်ဝန်ကြီးချုပ်ကို ဖြုတ်ချရန် ဆက်လက် ဖိအားပေး လုပ်ဆောင်သွားမည်ဟု ဆိုသည်။ 

ဆန္ဒပြ ပြည်သူလူထုက သီရိလင်္ကာသမ္မတနန်းတော်ကို ဇူလိုင်လ (၉) ရက်နေ့တွင် စီးနင်းဝင်ရောက်ခဲ့ကြပြီးနောက် သမ္မတ Gotabaya Rajapaksa မှာ က ဇူလိုင်လ (၁၃) ရက်နေ့၌ နိုင်ငံမှ ထွက်ပြေးသွားခဲ့သည်။

ဆန္ဒပြသူများက သမ္မတ Gotabaya နိုင်ငံမှ ထွက်ပြေးသွားသည့် ဇူလိုင်လ (၁၃) ရက်နေ့တွင် ဝန်ကြီးချုပ် Ranil Wickremesinghe ၏ ဝန်ကြီးချုပ်ရုံးနှင့် အစိုးရ ရုပ်မြင်သံကြားဌာနကိုလည်း စီးနင်းဝင်ရောက်ခဲ့ကြသည်။ 

ဇူလိုင်လ (၁၃) ရက်နေ့က ဝန်ကြီးချုပ်ရုံးကို စီးနင်းဝင်ရောက်မှုနှင့် ဆန္ဒပြမှုများအတွင်း လူတစ်ဦး သေဆုံးပြီး (၈၄) ဦး ဒဏ်ရာရခဲ့ကြောင်းလည်း သိရသည်။ 

ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးသုံးပြီး လူစုခွဲရန် ကြိုးပမ်းခဲ့မှုအတွင်း အသက် (၂၆) နှစ်ရွယ် အမျိုးသားတစ်ဦး အသက်ရှူကျပ်မှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

အသက် (၇၃) နှစ်အရွယ် သမ္မတ Gotabaya က ရာထူးမှ နုတ်ထွက်မည်ဟု ကတိပြုထားခဲ့သော ဇူလိုင်လ (၁၃) ရက်နေ့တွင် ၎င်း၏ဇနီး၊ လုံခြုံရေးအရာရှိ (၂) ဦးတို့နှင့်အတူ စစ်လေယာဥ်ဖြင့် မော်လ်ဒိုက်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။ 

၎င်းသည် တတိယနိုင်ငံတစ်ခုသို့ ဆက်လက်ထွက်ခွာမည်ဟုလည်း သတင်းရင်းမြစ်အချို့က ဆိုသည်။ 

သမ္မတမရှိတော့သည့်နောက် ဝန်ကြီးချုပ် Ranil Wickremesinghe က ယာယီသမ္မတအဖြစ် တာဝန်ယူခဲ့ပြီး နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။

၎င်းက ဇူလိုင်လ (၁၃) ရက်နေ့တွင် ရုပ်မြင်သံကြားမိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပြီး တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး လိုအပ်သည့်အရာမှန်သမျှ လုပ်ဆောင်ရန် စစ်တပ်ကို အမိန့်ပေးခဲ့သည်။ 

အစိုးရအဆောက်အအုံများတွင် စီးနင်းဝင်ရောက် နေရာယူထားသည့် ဆန္ဒပြသူများအားလုံးကို ထိုနေရာများမှ ပြန်ထွက်ခွာကြရန်နှင့် အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ကြရန်လည်း Ranil Wickremesinghe က တိုက်တွန်းခဲ့သည်။

"ကျွန်မတို့ သမ္မတနန်းတော်၊ သမ္မတရုံးနဲ့ ဝန်ကြီးချုပ်ရုံးကနေ ငြိမ်းငြိမ်းချမ်းချမ်း ပြန်ထွက်ခွာနေပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဆက်ပြီး လှုပ်ရှားနေပါမယ်" ဟု ဆန္ဒပြသူများ၏ ပြောခွင့်ရအမျိုးသမီးက ပြောသည်။ 

သီရိလင်္ကာ၏ ထိပ်တန်းဘုန်းတော်ကြီးတစ်ပါးကလည်း နှစ်ပေါင်း (၂၀၀) ကျော် သက်တမ်းရှိသော သမ္မတနန်းတော်ကို အာဏာပိုင်များထံ ပြန်လွှဲပေးရန်နှင့် တန်ဖိုးရှိသည့် အနုပညာလက်ရာနှင့် ရှေးဟောင်းပစ္စည်းများ မူလအတိုင်း မပျက်စီးစေရန် ထိန်းသိမ်းကြရေး တိုက်တွန်းခဲ့သည်။

"ဒီအဆောက်အအုံက နိုင်ငံ့ရတနာတစ်ခုဖြစ်ပြီး ဒါကို ကာကွယ်သင့်ပါတယ်။ သင်တော်တဲ့ စစ်ဆေးမှုလုပ်ပြီး အဆောက်အအုံကို နိုင်ငံကို ပြန်ပေးအပ်ရပါမယ်" ဟု ဘုန်းတော်ကြီး Omalpe Sobitha က သတင်းထောက်များကို ပြောသည်။ 

သမ္မတနန်းတော်ကနေ Gotabaya ထွက်ပြေးသွားခဲ့ပြီး လုံခြုံရေးအစောင့်များ ရုပ်သိမ်းခဲ့ပြီးနောက် သမ္မတနန်းတော်ဝင်းနှင့် အဆောက်အအုံအတွင်း သီရိလင်္ကာပြည်သူများက အလည်အပတ်နေရာတစ်ခုသဖွယ် ဝင်ရောက်ကြည့်ရှုခဲ့ကြသည်။

သီရိလင်္ကာတွင် ၁၉၄၈ ခုနှစ်တွင် ဗြိတိန်လက်အောက်မှ လွတ်လပ်ရေးရခဲ့ပြီးနောက် နှစ်ပေါင်း (၇၀) အတွင်း အဆိုးဆုံး စီးပွားရေးအကျပ်အတည်း ကြုံနေခဲ့ရပြီး ရက်သတ္တပတ်များကြာ လောင်စာဆီ၊ လျှပ်စစ်ဓာတ်အား၊ စားနပ်ရိက္ခာနှင့် အခြား မရှိမဖြစ် ပစ္စည်းများ ပြတ်လပ်မှုများ ဖြစ်ပေါ်နေခဲ့သည်။ အထွေထွေအကျပ်အတည်းများနှင့်အတူ သမ္မတ Gotabaya ကို ရာထူးမှ နုတ်ထွက်ရန် ဆန္ဒပြမှုများလည်း လနှင့်ချီကြာ နေ့စဥ်ရက်ဆက် ပေါ်ပေါက်နေခဲ့သည်။

နောက်ဆုံးသိရှိရသည့် သတင်းအရ နိုင်ငံမှ ထွက်ပြေးသွားသည့် သီရိလင်္ကာသမ္မတ Gotabaya မှာ မော်လ်ဒိုက်မှတစ်ဆင့် စင်ကာပူနိုင်ငံသို့ ပုဂ္ဂလိကအလည်အပတ်ခရီးစဥ်အဖြစ် ရောက်ရှိနေကြောင်း ဇူလိုင်လ (၁၄) ရက် ဒေသစံတော်ချိန် ည (၈) နာရီကျော်တွင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန Ministry of Foreign Affairs (MFA) က သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။ 

"သူက နိုင်ငံရေးခိုလှုံခွင့် မတောင်းထားပါဘူး။ နိုင်ငံရေးခိုလှုံခွင့်လည်း ပေးမထားပါဘူး။ စင်ကာပူက ယေဘုယျအားဖြင့် နိုင်ငံရေးခိုလှုံခွင့် တောင်းမှုတွေကို ခွင့်မပြုပါဘူး" ဟု MFA ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

Source: CNA, AFP

Photo: AP, BBC, REUTERS