ဇနီးသည် ဗိုက်ခွဲကလေးမွေးမှုကို မျက်မြင်တွေ့ခဲ့ရမှုကြောင့် စိတ်ရောဂါရသည်ဟုဆိုကာ ကလေးအဖေက ဆေးရုံကို တရားစွဲ

ဇနီးသည် ဗိုက်ခွဲကလေးမွေးမှုကို မျက်မြင်တွေ့ခဲ့ရမှုကြောင့် စိတ်ရောဂါရသည်ဟုဆိုကာ ကလေးအဖေက ဆေးရုံကို တရားစွဲ
စက်တင်ဘာ 21, 2023 | နိုင်ငံတကာသတင်း
By Mr John

 ဩစတြေးလျနိုင်ငံတွင် အမျိုးသားတစ်ဦးက ၎င်း၏ ဇနီးဖြစ်သူ ဗိုက်ခွဲကလေးမွေးမှုကို မျက်မြင်တွေ့ခဲ့မှုကြောင့် စိတ်ရောဂါရခဲ့သည်ဟုဆိုကာ ဆေးရုံကို တရားစွဲဆိုပြီး နစ်နာကြေး တောင်းခဲ့သည်။ 

Anil Koppula ဆိုသူ အမျိုးသားက ၂၀၁၈ ခုနှစ်တွင် ဇနီးသည် ဗိုက်ခွဲကလေးမွေးဖွားမှု အောင်မြင်ခဲ့ပြီးနောက် နှစ်အတန်ကြာ၌ ဆေးရုံကို တရားစွဲဆိုခြင်းဖြစ်ကြောင်း စက်တင်ဘာလ (၁၈) ရက်နေ့ NY Post သတင်းတွင် ဖော်ပြသည်။

ဇနီးသည် ဗိုက်ခွဲကလေးမွေးမှုကို မျက်မြင်တွေ့ခဲ့သည့် အတွေ့အကြုံက ၎င်း၏ အိမ်ထောင်ရေးကို ယိုယွင်းစေခဲ့သည်ဟုလည်း Koppula က ပြောဆိုထားသည်။ 

ဆေးရုံကို တရားစွဲဆိုမှုနှင့် ပတ်သက်သည့် စာရွက်စာတမ်းများတွင် ဇနီးသည် ဗိုက်ခွဲကလေးမွေးမှုကို ကြည့်ရှုရန် ဆေးရုံက ၎င်းကို အားပေးခဲ့ကြောင်း သို့မဟုတ် ခွင့်ပြုခဲ့ကြောင်းနှင့် ဇနီး၏ ကိုယ်တွင်းအင်္ဂါများနှင့် သွေးများကို မြင်ခဲ့ကြောင်း Koppula က ထွက်ဆိုထားသည်။

ဆေးရုံအနေဖြင့် တာဝန်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ပျက်ကွက်ခဲ့ကြောင်းနှင့် ၎င်းကို နစ်နာကြေးပေးရန် တာဝန်ရှိကြောင်းလည်း Koppula က ပြောဆိုသည်။ 

Koppula က မဲလ်ဘုန်းမြို့ရှိ တော်ဝင်အမျိုးသမီးဆေးရုံ (Royal Women's Hospital) ထံမှ နစ်နာကြေး ဩစတြေးလျဒေါ်လာ (၁) ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၄၂ သန်း) ရလိုကြောင်း တရားစွဲဆိုခြင်း ဖြစ်သည်။

 

Source: NY Post