စင်ကာပူတွင် မျောက်ကျောက်ရောဂါ ပထမဆုံး ပြည်တွင်းကူးစက်မှု တွေ့ရှိရကြောင်း အတည်ပြု

PHOTO: ST FILE
PHOTO: ST FILE
စင်ကာပူတွင် မျောက်ကျောက်ရောဂါ ပထမဆုံး ပြည်တွင်းကူးစက်မှု တွေ့ရှိရကြောင်း အတည်ပြု
ဇူလိုင် 7, 2022 | နိုင်ငံတကာသတင်း
By Mr John

 စင်ကာပူနိုင်ငံတွင် မျောက်ကျောက်ရောဂါ ပြည်တွင်းကူးစက်မှုတစ်ခု ပထမဆုံးအကြိမ် တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင်လ (၆) ရက် နှောင်းပိုင်းတွင် အတည်ပြု ထုတ်ပြန်သည်။ 

အဆိုပါ မျောက်ကျောက်ရောဂါ လူနာမှာ စင်ကာပူတွင်နေထိုင်သည့် အသက် (၄၅) နှစ်အရွယ် မလေးရှားနိုင်ငံသား အမျိုးသားဖြစ်ကြောင်း သိရသည်။ 

၎င်းထံတွင် မျောက်ကျောက်ရောဂါရှိကြောင်း ဇူလိုင်လ (၆) ရက်နေ့တွင် စစ်ဆေးတွေ့ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာန Ministry of Health (MOH) က ပြောသည်။

ထိုအမျိုးသားကို လက်ရှိတွင် ကူးစက်ရောဂါ National Centre for Infectious Diseases (NCID) တွင် ထားရှိကြောင်းနှင့် ၎င်း၏အခြေအနေ တည်ငြိမ်မှုရှိကြောင်း MOH က ဇူလိုင်လ (၆) ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

၎င်းသည် ဇူလိုင်လ (၂၁) ရက်တွင် MOH က ထုတ်ပြန်ခဲ့သည့် ပြည်ပကူးစက်မှုနှင့် ဆက်နွယ်မှုမရှိကြောင်းလည်း သိရသည်။

 

ထိုအမျိုးသားမှာ ဇွန်လ (၃၀) ရက်နေ့က ဝမ်းဗိုက်အောက်ပိုင်း အရေပြားတွင် အနာစက်များ ပထမဆုံး ဖြစ်ပေါ်လာခဲ့ပြီး နောက်ပိုင်းတွင် ပင်ပန်းနွမ်းနယ်မှုနှင့် ရောင်ရမ်းနေသည့် အဖုများထွက်လာခဲ့သည်ဟု ဆိုသည်။

ထို့နောက် ဇူလိုင်လ (၄) ရက်နေ့တွင် အဖျားတက်ပြီး လည်ချောင်းနာလာခဲ့ရာ ဆေးကုမှုခံယူခဲ့ပြီး အခြား ဖြစ်နိုင်ခြေရှိသည့် ကျန်းမာရေးအခြေအနေများအတွက် ကနဦး စစ်ဆေးခဲ့ကြောင်း သိရသည်။ 

"အခြား ရောဂါတွေအတွက် စစ်ဆေးမှုတွေက ကင်းရှင်းနေခဲ့တယ်။ နောက်ပိုင်း ဇူလိုင်လ (၆) ရက်နေ့က သူ့ကို NCID ကို ပို့လိုက်ပြီး အဲဒီမှာ နောက်ထပ် စစ်ဆေးမှုတွေလုပ်ဖို့အတွက် သူ့ကို သီးခြားခွဲထားခဲ့ပါတယ်" ဟု MOH က ပြောသည်။

ဇူလိုင်လ (၆) ရက်နေ့အထိ သိရှိရသမျှ ထိုအမျိုးသားနှင့် အနီးကပ် ထိတွေ့မှုရှိသူ (၃) ဦးရှိခဲ့ပြီး ၎င်းနှင့် တစ်အိမ်တည်းအတူနေသူ (၂) ဦးနှင့် လူမှုရေးအဆက်အသွယ်ရှိသူ တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။ အဆိုပါ ထိတွေ့မှုရှိခဲ့သူ အားလုံးကို လူနာနှင့် နောက်ဆုံး ထိတွေ့ခဲ့ချိန်မှစပြီး (၂၁) ရက်ကြာ ကွာရန်တင်းထားရှိကြောင်းနှင့် နောက်ထပ် ထိတွေ့မှုရှိသူများကို စုံစမ်းဖော်ထုတ်နေဆဲဖြစ်ကြောင်း MOH က ပြောသည်။

မျောက်ကျောက်ရောဂါ (monkeypox) အခြေအနေကို ဆက်လက်၍ အနီးကပ် စောင့်ကြည့်သွားမည်ဖြစ်ပြီး ကြိုတင်ပြင်ဆင်မှုများနှင့် တုံ့ပြန်မှုအစီအမံများကို လိုအပ်သလို ဆောင်ရွက်သွားမည်ဟု MOH က ဆိုသည်။ 

အများပြည်သူအနေဖြင့် တစ်ကိုယ်ရည်ကျန်းမာရေးကို ကိုယ်တိုင်စောင့်ကြည့် သတိထားပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးကို အထူးသဖြင့် ခရီးသွားစဥ်အတွင်း ဂရုစိုက်ကြရန် MOH က တိုက်တွန်းခဲ့သည်။ 

ထို့အတူ မျောက်ကျောက်ရောဂါရှိသူ သို့မဟုတ် မျောက်ကျောက်ကူးစက်ခံရမှုကြောင့် ဖျားနေသူဟု သံသယရှိသူများနှင့် အနီးကပ် ထိတွေ့ခြင်းရှောင်ကြဥ်ကြရန်လည်း MOH က ပြောခဲ့သည်။

Source: CNA