လူကနေ တဆင့် ခွေးသို့ မျောက်ကျောက်ရောဂါ ကူးစက်မှု ပထမဆုံးအကြိမ် တွေ့ရှိရ

လူကနေ တဆင့် ခွေးသို့ မျောက်ကျောက်ရောဂါ ကူးစက်မှု ပထမဆုံးအကြိမ် တွေ့ရှိရ
သြဂုတ် 19, 2022 | နိုင်ငံတကာသတင်း
By Mr John

ခွေးတစ်ကောင်ထံတွင် ၎င်း၏ ပိုင်ရှင်ဖြစ်သူဆီမှ မျောက်ကျောက်ရောဂါ ကူးစက်ခံရမှု တွေ့ရှိရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က ပြောသည်။ 

ထိုသို့ ကူးစက်ဖြစ်ပွားမှုမှာ ပထမဆုံးဖြစ်ကြောင်းနှင့် ကူးစက်ခံရပါက အိမ်မွေးတိရိစ္ဆာန်များကို သီးခြားခွဲထားရန် အရေးကြီးကြောင်း WHO က ဆိုသည်။

ထို့အတူ အခြား တိရိစ္ဆာန်များကို ကူးစက်မှုအန္တရာယ်လျှော့ချရန် အမှိုက်များကို ဂရုတစိုက် စွန့်ပစ်ရန်လည်း WHO က သတိပေးခဲ့သည်။ 

ခွေးများမှတစ်ဆင့် အခြား ခွေးများ သို့မဟုတ် လူများထံသို့ မျောက်ကျောက်ရောဂါ (monkeypox) ကူးစက်ပျံ့နှံ့နိုင်သည့် အထောက်အထားမရှိကြောင်း ကျွမ်းကျင်သူတစ်ဦးက ပြောသည်။ 

မျောက်ကျောက်ရောဂါမှာ အရေပြားချင်း အနီးကပ်ထိတွေ့မှုမှတစ်ဆင့် ကူးစက်နိုင်သည်။

ထို့အတူ ဗိုင်းရပ်စ်ရှိသူ အသုံးပြုခဲ့သည့် အဝတ်အထည်၊ မွေ့ရာ၊ အိပ်ရာခင်း သို့မဟုတ် မျက်နှာသုတ်ပဝါကဲ့သို့ အရာများကို ထိတွေ့မှုမှလည်း ကူးစက်နိုင်ကြောင်း သိရသည်။ 

ပထမဆုံး လူမှခွေးသို့ မျောက်ကျောက်ကူးစက်မှုကို ပြင်သစ်နိုင်ငံ ပါရီမြို့တွင် တွေ့ရှိခဲ့ရကြောင်း The Lancet ဆေးပညာဂျာနယ်တွင် ဖော်ပြသည်။ 

တစ်အိမ်တည်း အတူနေပြီး အခြား အမျိုးသားများနှင့် လိင်ဆက်ဆံမှုရှိသည့် အမျိုးသား (၂) ဦးက ၎င်းတို့၏ ဂရေးဟောင်း (greyhound) ခွေးတွင် အနာများရှိလာသည်ကို သတိပြုမိခဲ့ကြသည်။

ထိုအမျိုးသား (၂) ဦးထံတွင် မျောက်ကျောက်ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်ခဲ့ပြီးနောက် (၁၂) ရက်အကြာတွင် ၎င်းတို့၏ ဂရေးဟောင်းခွေးတွင်လည်း အနာများတွေ့လာရခြင်း ဖြစ်သည်။ 

ထို့နောက် ဓာတ်ခွဲခန်းစစ်ဆေးမှုအရ ထိုခွေးတွင် ကူးစက်ခဲ့သည့် မျောက်ကျောက်ဗိုင်းရပ်စ်မှာ အမျိုသား (၂) ဦးနှင့် အတိအကျ တူညီနေသည်ကို တွေ့ရသည်။ 

၎င်းတို့နှစ်ဦးက ခွေးနှင့် အတူတူအိပ်ကြသည်ဟုလည်း ဆိုသည်။

"ဒီလိုကူးစက်မှုမျိုး အရင်က သတင်းပေးပို့မှု မရှိခဲ့ပါဘူး။ ဒါက ခွေးတွေမှာ ပထမဆုံး မျောက်ကျောက်ကူးစက်မှုလို့ ကျွန်မတို့ ယူဆပါတယ်" ဟု WHO ၏ မျောက်ကျောက်ရောဂါ တုံ့ပြန်ဆောင်ရွက်ရေးကို ဦးဆောင်နေသူ ဒေါက်တာ Rosamund Lewis  က ပြောသည်။ 

WHO ၏ ကျန်းမာရေး အရေးပေါ်အစီအစဥ်ဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ Mike Ryan ကလည်း ယခု ကူးစက်မှုပုံစံမျိုးကို မမျှော်လင့်ထားခဲ့ဟု ဆိုသည်။

ကမ္ဘာတဝန်းတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ (၃၅,၀၀၀) ခန့်ရှိနေပြီး အများစုမှာ ဥရောပနှင့် တောင်အမေရိကတွင် ဖြစ်သည်။

မျောက်ကျောက်ရောဂါကြောင့် သေဆုံးသူ (၁၂) ဦးရှိခဲ့သည်။ 

မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှုကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် WHO က ဇူလိုင်လ (၂၃) ရက်တွင် သတ်မှတ်ကြေညာလိုက်သည်။

Source: BBC