ဟောင်ကောင်က ခရီးသွားများကို ဆွဲဆောင်မှုအဖြစ် လေယာဥ်လက်မှတ် (၅) သိန်း အခမဲ့ ပေးသွားမည်

Photo: GOV HK
Photo: GOV HK
ဟောင်ကောင်က ခရီးသွားများကို ဆွဲဆောင်မှုအဖြစ် လေယာဥ်လက်မှတ် (၅) သိန်း အခမဲ့ ပေးသွားမည်
ဖေဖော်ဝါရီ 4, 2023 | နိုင်ငံတကာသတင်း
By Mr John

 

COVID-19 ကပ်ရောဂါကြောင့် (၃) နှစ်ကြာ ပိတ်ထားခဲ့ရသည့် ဟောင်ကောင်သို့ နိုင်ငံတကာခရီးသွားများကို ပြန်လည်ဝင်ရောက်လာစေရန် လှုပ်ရှားမှုတစ်ရပ်အဖြစ် လေယာဥ်လက်မှတ် (၅၀၀,၀၀၀) အခမဲ့ ပေးဝေသွားမည်ဟု ဖေဖေါ်ဝါရီလ (၂) ရက်နေ့တွင် ကြေညာသည်။ 

Hello, Hong Kong လှုပ်ရှားမှု မိတ်ဆက်ပွဲတွင် ဟောင်ကောင်အုပ်ချုပ်ရေးမှူး Johen Lee က ခရီးသွားဧည့်သည်များအတွက် လေယာဥ်လက်မှတ် (၅၀၀,၀၀၀) အခမဲ့ပေးသွားမည်ဟု ပြောကြားခဲ့သည်။

ဟောင်ကောင်တွင် သီးခြားခွဲနေထိုင်ရမှု၊ ကွာရန်တင်းထားရှိမှုနှင့် ကန့်သတ်ချက်များ ရှိတော့မည်မဟုတ်ဟု အာဏာပိုင်များက ကတိပြုခဲ့သည်။ 

လာမည့် မတ်လတွင် လေယာဥ်လက်မှတ်များ အခမဲ့ပေးသွားမည်ဖြစ်ပြီး နောက်ထပ် လက်မှတ် (၈၀,၀၀၀) ကို နွေရာသီတွင် ဟောင်ကောင်မြို့ခံများကို ပေးသွားမည်ဟု ဆိုသည်။ 

တရုတ်အစိုးရ၏ zero-COVID မူဝါဒကို လိုက်နာကျင့်သုံးခဲ့သည့် ဟောင်ကောင်တွင် ၂၀၂၂ နှစ် နှစ်စပိုင်းတွင် အိုမီခရွန် ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ဖြစ်ပွားမှု မတိုင်မီအထိ COVID-19 ကူးစက်မှု နည်းပါးခဲ့သည်။

သို့သော် zero-COVID မူဝါဒဖြင့် တင်းကျပ်သော စည်းမျဥ်းကန့်သတ်ချက်များကြောင့် စီးပွားရေးထိခိုက်ခဲ့ပြီး လူဦးရေ၏ (၂.၅) ရာခိုင်နှုန်းကျော် အစုလိုက်အပြုံလိုက် ထွက်ခွာသွားခဲ့ကြသည်။ 

၂၀၂၂ ခုနှစ်တွင် ဟောင်ကောင်သို့ ခရီးသွား (၆၀၀,၀၀၀) သာ ဝင်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ဝင်ရောက်ခဲ့သည့် ခရီးသွားအရေအတွက်၏ (၁) ရာခိုင်နှုန်းပင် မပြည့်ခဲ့ဟု ဆိုသည်။

နိုင်ငံတကာကုမ္ပဏီ (၁၃၀) ကျော်က ၎င်းတို့၏ ဟောင်ကောင်ရုံးခန်းများကို ပြီးခဲ့သည့် (၃) နှစ်လုံး ပိတ်ထားခဲ့ကြသည်။ 

မကြာသေးမီက ဂျပန်ကုမ္ပဏီ (၂၅၃) ခုကို ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ခုအရ အရည်အချင်းရှိ ဝန်ထမ်းများရရှိရေးမှာ ၎င်းတို့၏ စိုးရိမ်မှုများအနက် ထိပ်ဆုံးမှဖြစ်ကြောင်း သိရသည်။ 

တရားဝင် ကိန်းဂဏန်းများအရ ၂၀၂၂ ခုနှစ်အတွင်း ဟောင်ကောင်၏ လုပ်သားအင်အား (၁၄၀,၀၀၀) ကျော် ထွက်ခွာသွားခဲ့ကြကြောင်းနှင့် စီးပွားရေးမှာ (၃.၅) ရာခိုင်နှုန်း ကျုံ့သွားခဲ့ကြောင်း သိရသည်။

Source: AFP, CNN