အိမ်နီးချင်း ထိုင်းနိုင်ငံက လွတ်လပ်မှုအဆင့် မြင့်တက်လာသော်လည်း မြန်မာနိုင်ငံကမူ မလွတ်လပ်သော နိုင်ငံအဖြစ် Freedom House အစီရင်ခံစာတွင် ဖော်ပြခံရ

အိမ်နီးချင်း ထိုင်းနိုင်ငံက လွတ်လပ်မှုအဆင့် မြင့်တက်လာသော်လည်း မြန်မာနိုင်ငံကမူ မလွတ်လပ်သော နိုင်ငံအဖြစ် Freedom House အစီရင်ခံစာတွင် ဖော်ပြခံရ
ဖေဖော်ဝါရီ 29, 2024 | နိုင်ငံတကာသတင်း
By Mr John

အမေရိကန်အခြေစိုက် Freedom House အဖွဲ့၏ နှစ်စဥ် လေ့လာဆန်းစစ်မှု အစီရင်ခံစာတွင် ထိုင်းနိုင်ငံကို "မလွတ်လပ်သော" နိုင်ငံအဖြစ်မှ "တစ်စိတ်တစ်ပိုင်း လွပ်လပ်မှုရှိသော" နိုင်ငံအဖြစ် တိုးမြှင့်ဖော်ပြထားသော်လည်း မြန်မာနိုင်ငံကိုမှု မလွတ်လပ်သောနိုင်ငံများစာရင်းတွင် ထည့်သွင်းဖော်ပြထားသည်။



Freedom House ၏ လေ့လာစောင့်ကြည့်မှုအရ ထိုင်းနိုင်ငံတွင် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရသူကို အစိုးရတစ်ရပ် ဖွဲ့စည်းခြင်းမှ တားမြစ်ပိတ်ပင်ခဲ့သော်လည်း လွတ်လပ်မှု အဆင့်ကို တိုးမြှင့်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ခြင်းက ၂၀၂၃ ခုနှစ်တွင် ကမ္ဘာတဝန်း လွတ်လပ်မှု ကျဆင်းသွားခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်ပြီး နိုင်ငံ (၂၆) ခု၏ လွတ်လပ်မှု အဆင့်များ ကျဆင်းသွားခဲ့ကြောင်းလည်း ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၂၉) ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် Freedom in the World 2024 အစီရင်ခံစာအရ သိရှိရသည်။

ဂွာတီမာလာ၊ ထိုင်းနှင့် ဇင်ဘာဘွေတို့တွင် ရွေးကောက်ပွဲတစ်ခု၏ ရလဒ်ကို ပယ်ဖျက်ပြောင်းလဲရန် ကြိုးပမ်းမှုများ  ဖြစ်ပွားခဲ့ပြီး အနိုင်ရသူများနှင့် ပါတီများကို အစိုးရအဖွဲ့တွင် တာဝန်မယူနိုင်ရန် ကြိုးပမ်းခဲ့ကြကြောင်း Freedom House က ပြောသည်။ 

Freedem House ၏ ယခုနောက်ဆုံး အစီရင်ခံစာတွင် နိုင်ငံနှင့်နယ်မြေ (၂၁၀) ခုကို လေ့လာဆန်းစစ်ထားပြီး (၈၄) ခုကို "လွတ်လပ်မှုရှိသော" အဆင့်၊ (၅၉) ခုကို "တစ်စိတ်တစ်ပိုင်း လွတ်လပ်မှုရှိသော" နှင့် (၆၇) ခုကို "မလွတ်လပ်သော" အဆင့်ဟု သတ်မှတ်ဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံမှာ (၁၀) နှစ်အတွင်း အကြီးမားဆုံး လွတ်လပ်မှု ကျဆင်းသွားသည့် နိုင်ငံများစာရင်းတွင် "မလွတ်လပ်သော" နိုင်ငံအဖြစ် သတ်မှတ်ဖော်ပြခံရသည်။ 

Freedom House အစီရင်ခံစာအရ လွတ်လပ်မှုအရှိဆုံး ထိပ်ဆုံး နိုင်ငံ (၅) ခုမှာ ဖင်လန်၊ ဆွီဒင်၊ နယူးဇီလန်၊ နော်ဝေနှင့် အိုင်ယာလန်တို့ ဖြစ်သည်။

Freedom House ၏ လေ့လာဆန်းစစ်မှုအရ နိုင်ငံ (၅၂) ခုတွင် နိုင်ငံရေး အခွင့်အရေးနှင့် အများပြည်သူ လွတ်လပ်မှုများ ကျဆင်းသွားခဲ့ကြောင်းနှင့် နိုင်ငံ (၂၁) ခုတွင် တိုးတက်မှုများရှိလာကြောင်းလည်း သိရသည်။ 

  Freedom House ကို ၁၉၄၁ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ဝါရှင်တန်ဒီစီတွင် အခြေစိုက်သည်။

ဒီမိုကရေစီအရေး၊ နိုင်ငံရေးလွတ်လပ်မှုနှင့် လူ့အခွင့်အရေးတို့ကို အားပေးရန် Freedom House ကို ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အခြား အစိုးရများထံမှ ထောက်ပံ့ငွေများဖြင့် ရပ်တည်နေကြောင်း သိရသည်။

Source: Bangkok Post, Freedom House