ဖိလစ်ပိုင်တွင် အာဏာရှင်၏သား သမ္မတ ဖြစ်လာပြီးနောက် ပြည်သူများ စိုးရိမ်မှုရှိလာ

အာဏာရှင်မားကို့စ်လက်ထက် အကြောင်းအရာများကို မှတ်တမ်းတင်ရေးသားထားသော စာအုပ်ပုံ
အာဏာရှင်မားကို့စ်လက်ထက် အကြောင်းအရာများကို မှတ်တမ်းတင်ရေးသားထားသော စာအုပ်ပုံ
ဖိလစ်ပိုင်တွင် အာဏာရှင်၏သား သမ္မတ ဖြစ်လာပြီးနောက် ပြည်သူများ စိုးရိမ်မှုရှိလာ
ဇူလိုင် 18, 2022 | နိုင်ငံတကာသတင်း
By Mr John

ဖိလစ်ပိုင်တွင် အာဏာရှင်၏သား သမ္မတ ဖြစ်လာပြီးနောက် သမိုင်းကို ပြင်ရေးလိမ့်မည်ဟု ပြည်သူများ စိုးရိမ် 

ဖိလစ်ပိုင်တွင် ကွယ်လွန်သူ အာဏာရှင်ဖာဒီနန်မားကို့စ်၏သား ဖာဒီနန်မားကို့စ်ဂျူနီယာက သမ္မတဖြစ်လာခဲ့ရာ နိုင်ငံရပ်ခြားတွင် နေထိုင်ကြသော ဖိလစ်ပိုင်လူမျိုးများက အာဏာရှင်မားကို့စ်အကြောင်း ရေးသားထားသည့် သမိုင်းမှတ်တမ်းစာအုပ်များကို ဝယ်ယူစုဆောင်းနေကြသည်ဟု ဆိုသည်။ ၎င်းတို့က သမိုင်းကို ဖတ်ရှုရန်သာမဟုတ်ဘဲ ထိန်းသိမ်းရန် ထိုသို့ ဝယ်ယူနေကြခြင်းလည်း ဖြစ်သည်။

အာဏာရှင်မားကို့စ်၏သား မားကို့စ်ဂျူနီယာက မေလအတွင်း ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့ရာ နိုင်ငံကိုဖျက်ဆီးခဲ့သော မားကို့စ်အစိုးရ အုပ်ချုပ်မှုသက်တမ်း (၂၁) နှစ်ကို မှတ်တမ်းတင်ထားသည့် စာအုပ်များကို အပြေးအလွှား ဝယ်ယူလာခဲ့ကြသည်ဟု ဆိုသည်။ 

ယခုလက်ရှိ ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာက သမိုင်းပညာရှင်များ ပြောကြသော ၎င်း၏ဖခင် အုပ်ချုပ်ခဲ့စဥ်ကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အဂတိလိုက်စားမှုများနှင့် ပြည်သူ့ဘဏ္ဍာငွေ ခိုးယူမှုများအတွက် မည်သည့်အခါကမျှ လူသိရှင်ကြား အသိအမှတ်ပြုခြင်း သို့မဟုတ် တောင်းပန်းခြင်းမရှိခဲ့ပေ။

ယခုအခါ မားကို့စ်ဂျူနီယာ သမ္မတဖြစ်လာခဲ့ရာ ၎င်းက သမိုင်းကိုပြင်ရေးရန် ကြိုးပမ်းလိမ့်မည်ဟု စိုးရိမ်ပူပန်မှုများ ရှိနေသည်။ 

၎င်း၏ဖခင် အာဏာရှင်မားကို့စ်အကြောင်း ရေးသားထားသည့် "Marcos Martial Law: Never Again" စာအုပ်ကို ရေးသားခဲ့သူ ဂျာနယ်လစ် Raissa Robles ၏ အဆိုအရ မားကို့စ်ဂျူနီယာ ရွေးကောက်ပွဲအနိုင်ရပြီးနောက် ကမ္ဘာတဝန်း စာဖတ်သူများထံမှ သူမကို ထိုစာအုပ်အား နောက်တစ်ကြိမ် ပုံနှိပ်ထုတ်ဝေရန် တောင်းဆိုထားသည့် အီးမေးလ်များ လက်ခံရရှိခဲ့ကြောင်း သိရသည်။

စာဖတ်သူများက အာဏာရှင်မားကို့စ်လက်ထက် စစ်အုပ်ချုပ်ရေးကြောင့် ထိခိုက်ခံစားခဲ့ရသူတို့၏ အသေးစိတ်အကြောင်းအရာများ ပါဝင်သော ထိုစာအုပ်ကို နောက်တစ်ကြိမ် ပြန်လည်ပုံနှိပ်ထုတ်ဝေရန် Raissa Robles တိုက်တွန်းခဲ့ကြသည်။ 

"စာအုပ်ဈေးနှုန်းက နှစ်ဆတက်သွားတယ်။ ဒါပေမဲ့ လူတွေက စာအုပ်ကို အများကြီးဝယ်နေကြတာ။ သူတို့က တစ်အုပ် ဒါမှမဟုတ် နှစ်အုပ် ဝယ်ကြတာမဟုတ်ဘူး။ သူတို့က တစ်ခါဝယ်ရင် ငါးအုပ် ဒါမှမဟုတ် ၁၀ အုပ် ဝယ်နေကြတယ်" ဟု စာရေးဆရာမက ပြောသည်။

အာဏာရှင်မားကို့စ်လက်ထက် အကြောင်းအရာများကို မှတ်တမ်းတင်ရေးသားထားသော စာအုပ်များကို ဝယ်ယူသိမ်းဆည်းနေကြခြင်းမှာ ယခုလက်ရှိ ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာကြောင့်ဟု ဆိုကြသည်။

 ၂၀၂၀ ခုနှစ်အတွင်း သမ္မတရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေစဥ် မားကို့စ်ဂျူနီယာက ၎င်း၏မိဘများ အဂတိလိုက်စားမှုနှင့် ရက်စက်သည့်အုပ်ချုပ်မှုအကြောင်း မှတ်တမ်းတင်ထားသော ကျောင်းသုံးပြဌာန်းစာအုပ်များကို ပြင်ဆင်လိုသည့်ဆန္ဒရှိကြောင်း ရှင်းရှင်းလင်းလင်း ထုတ်ပြောခဲ့ဖူးသည်။

"ကျွန်တော်တို့ ဒါကို တောင်းဆိုနေခဲ့တာ နှစ်တွေကြာပါပြီ" ဟု မားကို့စ်ဂျူနီယာက National Press Club က စီစဥ်ကျင်းပသည့် ဆွေးနွေးပွဲတစ်ခုတွင် ပြောခဲ့သည်။ 

၎င်း၏ဖခင် ကွယ်လွန်ပြီးနောက်ပိုင်း အာဏာရရှိသူတွေက ကလေးများကို လိမ်ညာသင်ကြားနေခဲ့ကြောင်း မားကို့စ်ဂျူနီယာက စွပ်စွဲခဲ့သည်။

လူ့အခွင့်အရေးအဖွဲ့များက ပြောကြားမှုအရ ၁၉၆၅ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ အာဏာရှင်မားကို့စ် အုပ်ချုပ်ခဲ့စဥ်ကာလအတွင်း အစိုးရကို ဆန့်ကျင်ဝေဖန်မှုအတွက် လူထောင်ပေါင်းများစွာ ထောင်ချခံခဲ့ရ၊ ညှဥ်းပန်းနှိပ်စက်ခံခဲ့ရ သို့မဟုတ် အသတ်ခံခဲ့ကြရသည်။ 

အာဏာရှင်မားကို့စ်မှာ ၁၉၈၉ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး ၎င်း၏ဇနီး လက်ရှိ အသက် (၉၃) နှစ်အရွယ် အီမယ်လ်ဒါကလည်း ပြည်သူ့ဘဏ္ဍာငွေ ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ (၁၀) ဘီလီယံ ခိုးယူမှုအပါအဝင် အဂတိလိုက်စားမှုများအတွက် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

မားကို့စ်မိသားစုကမူ ပြည်သူ့ဘဏ္ဍာငွေများကို ၎င်းတို့၏ကိုယ်ကျိုးအတွက် အသုံးပြုခဲ့ခြင်းမရှိကြောင်း အကြိမ်ကြိမ်း ငြင်းဆိုခဲ့ကြသည်။ 

အာဏာရှင်ဟောင်းမားကို့စ်၏သား အသက် (၆၄) နှစ်အရွယ် မားကို့စ်ဂျူနီယာက မေလအတွင်း ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အံ့အားသင့်ဖွယ် မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည်။ 

မားကို့စ်ဂျူနီယာက ဇွန်လ (၃၀) ရက်နေ့တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး မားကို့စ်နိုင်ငံရေးခေတ်ကို ပြန်လည်စတင်လိုက်သည်။

Source: CNN