ထိုင်းနိုင်ငံတွင် UN ဒုက္ခသည်ကတ် ရရှိထားသည့် ဗီယက်နမ်ဘလော့ဂါကို ဗီယက်နမ်အစိုးရက ပြန်ပေးဆွဲသွား

ထိုင်းနိုင်ငံတွင် UN ဒုက္ခသည်ကတ် ရရှိထားသည့် ဗီယက်နမ်ဘလော့ဂါကို ဗီယက်နမ်အစိုးရက ပြန်ပေးဆွဲသွား
By Mr John

ထိုင်းနိုင်ငံတွင် ဒုက္ခသည်အဖြစ် နေထိုင်နေသည့် ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်အစိုးရကို ဝေဖန်သူ ဗီယက်နမ်နိုင်ငံသား ဘလော့ဂါတစ်ဦးအား ဗီယက်နမ်အာဏာပိုင်များက ပြန်ပေးဆွဲသွားခဲ့ကြောင်း လူ့အခွင့်အရေးအုပ်စု Human Rights Watch (HRW) က ဧပြီလ (၂၁) ရက်နေ့တွင် ပြောသည်။

 Thai Van Duong အမည်ရှိ ဘလော့ဂါမှာ ၂၀၁၉ ခုနှစ်တွင် ဗီယက်နမ်အာဏာပိုင်များလက်မှ လွတ်မြောက်ရန် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာခဲ့ပြီး နောက်ပိုင်းတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံထားရသူ ဖြစ်သည်။

ဗီယက်နမ်အစိုးရမီဒီယာကမူ အသက် (၄၁) နှစ်အရွယ် ဘလော့ဂါ Duong ကို နိုင်ငံအတွင်းသို့ လာအိုနိုင်ငံနှင့်နီးသော တရားမဝင် နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ဧပြီလ (၁၄) ရက်နေ့တွင် ဝင်ရောက်လာမှုအတွက် ဖမ်းဆီးခဲ့ပြီး ယခုအခါ ၎င်းကို ဗီယက်နမ်တွင် ထိန်းသိမ်းထားကြောင်း သတင်းဖော်ပြခဲ့သည်။ 

HRW ၏ အာရှဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဖီလ်ရောဘတ်ဆန်က ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ထိုင်းအာဏာပိုင်များကို စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့သည်။

"ဗီယက်နမ်အစိုးရ အေးဂျင့်တွေက UNHCR က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားတဲ့ Thai Van Duong ကို ဘန်ကောက်မြို့ အပြင်ဘက်လေးမှာတင်ရှိတဲ့ ပက်သွန်မ်သာနီပြည်နယ်က သူ့ရဲ့အိမ်အနီး လမ်းပေါ်ကနေ ဆွဲခေါ်သွားခဲ့ကြတယ်" ဟု ရောဘတ်ဆန်က ဘန်ကောက်မြို့တွင် ပြောခဲ့သည်။ 

ဗီယက်နမ်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် လှုပ်ရှားတောင်းဆိုနေသည့် The 88 Project မှ အဖွဲ့ဝင်ဟောင်းနှင် Thai Van Duong ၏ သူငယ်ချင်းဖြစ်သူ Grace Bui ကလည်း Duong မှာ ၎င်း၏သဘောဆန္ဒအလျောက် ဗီယက်နမ်သို့ မည့်သည့်အခါမျှ ပြန်သွားလိမ့်မည်မဟုတ်ဟု ဆိုသည်။

Duong က ဗီယက်နမ်၏ အာဏာရှင်ဆန်သော အစိုးရကို ဝေဖန်ပြောဆိုသည့် တိုက်ရိုက် ဗီဒီယိုထုတ်လွှင့်မှုများကို YouTube တွင် တင်လေ့ရှိပြီး ဗီယက်နမ်အစိုးရကို အဂတိလိုက်စားကြောင်း စွပ်စွဲထားသည်။

 ဗီယက်နမ်အစိုးရမီဒီယာကမူ Duong က Facebook group တစ်ခု ပြုလုပ်ထားပြီး ဗီယက်နမ်ခေါင်းဆောင်များ၏ ကိုယ်ပိုင်ဘဝနေထိုင်မှုများကို မမှန်မကန် သတင်းအချက်အလက်များ ဖြန့်ဝေလေ့ရှိကြောင်း ပြောခဲ့သည်။

Grace Bui ၏ ပြောကြားမှုအရ ၂၀၂၃ခုနှစ် ဧပြီလ (၁၃) ရက်နေ့တွင် Duong ပျောက်နေကြောင်း ဖုန်းဆက်ပြောဆိုမှုရှိခဲ့သည်ဟု ဆိုသည်။ 

နောက်ပိုင်းတွင် မျက်မြင်တွေ့ရှိခဲ့သူက သူမကို ပြောပြမှုအရ Duong ၏ မော်တော်ဆိုင်ကယ်ကို အဖြူရောင် Sedan ကား (၂) စီးက ရှေ့နောက်ပိတ်၍ ရပ်တန့်စေခဲ့သည်ဟု သိရသည်။ 

"သူတို့က ဆွန်ခရမ်ပွဲတော်ကာလထဲမှာ ရောက်လာကြတာ။ လူတိုင်းက အားလပ်ရက် ခရီးထွက်နေကြပြီး ဆိုင်တွေအားလုံး ပိတ်ထားကြတယ်လေ" သူမက ပြောသည်။

Duong က ၎င်း အန္တရာယ်ရှိနေသည်ဟု ခံစားရကြောင်း ၂၀၂၁ ခုနှစ်ကတည်းက သူမကို အကြိမ်ကြိမ် ပြောခဲ့ဖူးကြောင်းလည်း Grace Bui က ဆိုသည်။ 

သူမနှင့် သူမ၏ သူငယ်ချင်းများက Duong ၏ နေအိမ်သို့ ဧပြီလ (၁၇) ရက်နေ့တွင် သွားရောက်ခဲ့ကြသည်ဟု Grace Bui က Radio Free Asia (RFA) ကို ပြောခဲ့သည်။ 

"သူ့အခန်းထဲမှာ အားလုံးက ပုံမှန်အတိုင်းပဲ။ Duong က မနက်အိပ်ရာထပြီး လမ်းလျှောက်ထွက်သွားသလိုမျိုးပဲ" ဟု သူမက ဆိုသည်။

"သူ အပြင်ထွက်ရင် ယူသွားလေ့ရှိတဲ့ အိတ်ကိုလည်း ကျွန်မတို့ တွေ့ခဲ့ရတယ်။ သူ့ပိုက်ဆံအိတ်က အိတ်ထဲမှာပဲရှိနေပြီး UN ဒုက္ခသည်ကတ်နဲ့ ဘဏ်ကတ်တွေလည်း ပိုက်ဆံအိတ်ထဲမှာပဲ ရှိနေတယ်။ သူ့လက်ပ်တော့ကိုလည်း ကျွန်မတို့ တွေ့ခဲ့တယ်" ဟု Grace Bui က ပြောသည်။ 

ထိုင်းရဲတပ်ဖွဲ့က ဗီယက်နမ်အာဏာပိုင်များကို ၎င်းတို့ ဆက်သွယ်ခဲ့သော်လည်း မည်သည့် သတင်းအချက်အလက်မျှ မရရှိခဲ့ဟု ဆိုသည်။ 

ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနကို ယခုကိစ္စအတွက် မှတ်ချက်ပေးရန် ဆက်သွယ်ခဲ့သော်လည်း ချက်ချင်း အကြောင်းမပြန်ခဲ့ကြောင်း သိရသည်။

ယခုဖြစ်ရပ်မတိုင်မီက ဂျာမနီနိုင်ငံတွင် နေထိုင်လျက်ရှိသူ ဗီယက်နမ်လူမျိုး Trinh Xuan Thanh အမည်ရှိ ရေနံအရာရှိတစ်ဦးကို ဗီယက်နမ်အစိုးရ၏ စေခိုင်းမှုအရ စစ်အေးခေတ်ပုံစံ ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ဖူးပြီး ထိုပြန်ပေးဆွဲမှုတွင် ပါဝင်ပတ်သက်မှုဖြင့် ဗီယက်နမ်အမျိုးသားတစ်ဦးအား ၂၀၁၈ ခုနှစ်တွင် ဂျာမန်တရားရုံးက ထောင်ဒဏ် (၄) နှစ်နီးပါး ချမှတ်ခဲ့သည်။ 

ဂျာမန်အစိုးရက ဗီယက်နမ်၏ ထိုလုပ်ရပ်အပေါ် ဒေါသထွက်ခဲ့ပြီး တုံ့ပြန်သည့်အနေဖြင့် ဗီယက်နမ်သံတမန် (၂) ဦးကို နိုင်ငံမှ နှင်ထုတ်ခဲ့သည်။ 

ထိုစဥ်က ပြန်ပေးဆွဲခေါ်ဆောင်သွားခံရသည့် Trinh Xuan Thanh ကို ဗီယက်နမ်တွင် ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ကြောင်း သိရသည်။



Source: AFP