ရုရှားတိုက်လေယာဉ်က ယူကရိန်းနယ်စပ်အနီးရှိ ရုရှားမြို့တစ်မြို့ကို မှားယွင်း ဗုံးကြဲ 

ရုရှားတိုက်လေယာဉ်က ယူကရိန်းနယ်စပ်အနီးရှိ ရုရှားမြို့တစ်မြို့ကို မှားယွင်း ဗုံးကြဲ 
By Mr John

 ရုရှားတိုက်လေယာဉ်တစ်စီးက ယူကရိန်းနယ်စပ်အနီးရှိ ရုရှားမြို့တစ်မြို့ကို မှားယွင်းဗုံးကြဲခဲ့မိရာ သမ္မတ ဗလာဒီမာပူတင်၏ တပ်ဖွဲ့များအတွက် အရှက်ရစရာ ဖြစ်ခဲ့သည်။ 

ဗီဒီယိုမှတ်တမ်းအရ SU-34 ရုရှားတိုက်လေယဉ်က ယူကရိန်းနယ်စပ်အနီးရှိ ရုရှားမြို့ဖြစ်သည့် Belgorod မြို့ရှိ လမ်းမတစ်ခု၏ အလယ်ခေါင်တွင် ဗုံး မှားယွင်းကြဲချခဲ့ပြီး ပေါက်ကွဲမှုကြောင့် ကြီးမားသည့် မီးတောက်လုံးကြီး ထွက်ပေါ်လာသည်ကို တွေ့ရသည်။

ဗုံးကျရောက်ပေါက်ကွဲမှုမှာ လူနေတိုက်ခန်းတွဲ အဆောက်အအုံနှင့် အနည်းငယ်မျှသာ လွဲသွားခဲ့ကြောင်းနှင့် ဗုံးပေါက်ကွဲမှုကြောင့် ယူကရိန်းနယ်စပ်မှ (၁၅) မိုင်ခန့်အကွာရှိ Belgorod မြို့တွင် ပေ (၇၀) ကျယ်သည့် ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့ကြောင်း သိရသည်။ 

CNN သတင်းတွင် ဖော်ပြမှုအရ ကန့်လန့်ဖြတ် ပေ (၁၃၀) ရှိ ကျင်းကြီးတစ်ခု ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။ 

ရုရှားတိုက်လေယာဉ်က ရုရှားမြို့ကို ဒေသစံတော်ချိန် ၂၀၂၃ခုနှဟ် ဧပြီလ (၂၀) ရက် ညပိုင်းတွင် မှားယွင်းဗုံးကြဲခဲ့မှုအတွင်း အနည်းဆုံး အမျိုးသမီး (၂) ဦး ဒဏ်ရာရခဲ့ပြီး ပေါက်ကွဲမှုကြောင့် နေအိမ်နှင့် ကားများ ထိခိုက်ပျက်စီးခဲ့သည်။

မှားယွင်းဗုံးကြဲခံရသည့် နေရာမှ ဗီဒီယိုမှတ်တမ်းတွင် လမ်းမပေါ်၌ ကွန်ကရစ်တုံး အပိုင်းအစများ စုပုံနေပြီး ကားများ ပျက်စီးနေမှုနှင့် အဆောက်အအုံတစ်ခု၏ ပြတင်းပေါက်မှန်များ ကွဲနေသည်ကို မြင်တွေ့ရမှုအရ အပျက်အစီး အခြေ‌အနေ များစွာ ပိုဆိုးနိုင်ဖွယ်ရှိသည်။ 

ကနဦး သတင်းအချက်အလက်များကို ကိုးကား၍ Belgorod နယ်မြေအုပ်ချုပ်ရေးမှူး Vyacheslav Gladkov က ပြောကြားမှုအရ ဦးခေါင်းဒဏ်ရာရသည့် အမျိုးသမီးတစ်ဦးကို ဆေးရုံတင်ထားကြောင်းနှင့် နောက်ထပ် အမျိုးသမီးတစ်ဦးကိုမူ ဗုံးပေါက်ကွဲပြီးနောက် အခင်းဖြစ်နေရာတွင် ကုသပေးခဲ့ကြောင်း သိရသည်။

မှားယွင်းကြဲချလိုက်သည့် ဗုံးပေါက်ကွဲမှု အရှိန်ကြောင့် ကားတစ်စီး လွင့်ထွက်သွားပြီး Pyaterochka ကုန်စုံစတိုးဆိုင်၏ အမိုးပေါ်သို့ ရောက်သွားခဲ့သည်။ 

 

SU-34 ရုရှားတိုက်လေယာဉ်က ရုရှားနိုင်ငံအတွင်း မြို့ကို မှားယွင်းကြဲချမိသည့်ဗုံးမှာ ဆိုဗီယက်ခေတ်တွင် ထုတ်လုပ်ခဲ့သော ပေါင် (၁,၁၀၀) ရှိ FAB-500M62 ကို ပေါက်ကွဲအားပြင်းထန်သော ထိပ်ဖူးနှင့်အတူ ခေတ်မီမွမ်းမံပြင်ဆင်ထားသည့်ဗုံးဟု ယူဆရသည်။

ယူကရိန်းနှင့် ထိစပ်နေသည့် Belgorod နယ်မြေမှာ ပူတင်၏ ကျူးကျော်စစ်ကြောင့် တင်းမာမှု ပြင်းထန်နေခဲ့သည့် နေရာလည်းဖြစ်သည်။ 

စစ်ပွဲ စတင်ခဲ့ပြီးနောက် ရုရှားတပ်ဖွဲ့များ၏ ကျူးကျော်တိုက်ခိုက်မှုကို ယူကရိန်းက အပြင်းအထန် ခုခံတုံ့ပြန်ခဲ့ရာ Belgorod နယ်မြေတွင် လူ (၃၀) ဦး သေးဆုံးပြီး (၁၂၃) ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

Source: Daily Mail, CNN

Photo: AFP, Reuters