အီလွန်မက်စ်က ထရမ့်ကို Twitter အကောင့် ပြန်သုံးခွင့်ပြုလိုက်သော်လည်း စိတ်မဝင်စားဟုဆို

အီလွန်မက်စ်က ထရမ့်ကို Twitter အကောင့် ပြန်သုံးခွင့်ပြုလိုက်သော်လည်း စိတ်မဝင်စားဟုဆို
နိုဝင်ဘာ 21, 2022 | နိုင်ငံတကာသတင်း
By Mr John

 

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ အကောင့်ကို ပြန်အသုံးပြုခွင့်ပေးလိုက်ပြီဟု Twitter ပိုင်ရှင်သစ် အီလွန်မက်စ်က ပြောထားသော်လည်း ဒေါ်နယ်ထရမ့်က စိတ်မဝင်စားကြောင်း ပြန်လည်တုံံ့ပြန်လိုက်သည်။ 

အီလွန်မက်စ်က Twitter အသုံးပြုသူများကြား သဘောထားကောက်ခံခဲ့ရာ ထရမ့်ကို Twitter ပြန်သုံးခွင့်ပြုရန် မတိမ်းမယိမ်း ထောက်ခံမဲရာခိုင်နှုန်း အသာရခဲ့သည်။ 

Twitter အသုံးပြုသူ (၁၅) သန်းကျော်တွင် (၅၁.၈) ရာခိုင်နှုန်းက ထရမ့်၏အကောင့်ကို ပြန်သုံးခွင့်ပြုရန် ထောက်ခံခဲ့ကြသည်ဟု အီလွန်မက်စ်က ဆိုသည်။

သို့သော် သမ္မတဟောင်းထရမ့်က Twitter ပြန်သုံးရန် စိတ်မဝင်စားကြောင်း တုံ့ပြန်ပြောခဲ့သည်။ 

ထရမ့်၏ Twitter အကောင့်ကို အကြမ်းဖက်ရန် လှုံ့ဆော်နိုင်မှုကြောင့် ၂၀၂၁ ခုနှစ်အတွင်း အသုံးပြုခွင့် ရပ်ဆိုင်းခဲ့သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန်ကွန်ဂရက်လွှတ်တော် အဆောက်အအုံကို ဆူပူအုံကြွ စီးနင်းခဲ့ကြပြီးနောက် ရက်ပိုင်းမျှအကြာတွင် follower သန်း (၉၀) နီးပါးရှိသည့် ၎င်း၏အကောင့်ကို Twitter က အသုံးပြုခွင့် ရပ်ဆိုင်းလိုက်ခြင်းလည်း ဖြစ်သည်။

ထိုစဥ်က အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန် အနိုင်ရကြောင်း ကွန်ဂရက်တွင် အတည်ပြုရန် ဆောင်ရွက်စဥ် ထရမ့်နှင့် ရီပတ်ဘလစ်ကင်ပါတီကို ထောက်ခံသူများက ကွန်ဂရက်အဆောက်အအုံကို ဆူပူအုံကြွ စီနင်းခဲ့ကြသည်။ 

အမေရိကန်သမိုင်းတစ်လျှောက် အရုပ်ဆိုးအကျည်းတန်သည့် ထိုဖြစ်ရပ်အတွင်း အရပ်သား (၄) ဦးနှင့် ရဲအရာရှိ (၁) ဦး သေဆုံးခဲ့သည်။

Twitter တွင် အကောင့်ပိတ်ခံရပြီးနောက် ထရမ့်က ၎င်းကိုယ်ပိုင် ဆိုရှယ်မီဒီယာအဖြစ် Trutth Social ကို ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် တည်ထောင်ခဲ့သည်။ 

လာမည့် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်မည်ဟုလည်း ထရမ့်က နိုဝင်ဘာလ (၁၅) ရက် ညပိုင်းတွင် ကြေညာခဲ့သည်။ 

Twitter ကို အီလွန်မက်စ်က အမေရိကန်ဒေါ်လာ (၄၄) ဘီလီယံဖြင့် ဝယ်ယူခဲ့ပြီးနောက် ကြီးမားသည့် အပြောင်းအလဲများ ဖြစ်ပေါ်နေပြီး အခြေအနေ မတည်မငြိမ်ဖြစ်နေကြောင်း သိရသည်။

Source: CNN, BBC, Reuters