တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကာလအတွင်း တာချီလိတ်မြို့ရှိ KTV နှင့် စင်တင်တေးဂီတစားသောက်ဆိုင်များ အားလုံး ခေတ္တပိတ်ထားရန် အသိပေးထား

တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကာလအတွင်း တာချီလိတ်မြို့ရှိ KTV နှင့် စင်တင်တေးဂီတစားသောက်ဆိုင်များ အားလုံး ခေတ္တပိတ်ထားရန် အသိပေးထား
ဖေဖော်ဝါရီ 29, 2024 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၂၄ခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲအတွက် ကာရာအိုကေ( KTV ) နှင့် စင်တင်တေးဂီတ စားသောက်ဆိုင်များအားလုံး ခေတ္တပိတ်ထားရမည်ဖြစ်ကြောင်း အသိပေးထားသည်ဟု သိရသည်။

၂၀၂၄ခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၄ခုနှစ် မတ်လ(၁၁)ရက်နေ့မှ မတ်လ(၁၈)ရက်နေ့အထိ ကျင်းပမည်ဖြစ်သည့်အတွက် စာမေးပွဲကာလအတွင်း ကျောင်းသား ကျောင်းသူများ စာကျက်ရာတွင် အနှောက်အယှက်မဖြစ်စေရေး ကာရာအိုကေ နှင့် စင်တင်တေးဂီတ စားသောက်ဆိုင်များအားလုံး ခေတ္တပိတ်ရမည်ဖြစ်ပြီး မတ်လ(၁၉)ရက်နေ့မှသာ ပြန်လည်ဖွင့်လှစ်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက အသိပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

စာမေးပွဲကာလအတွင်း အဆိုပါ ဆိုင်များ ပိတ်ထားခြင်း ရှိမရှိကို စစ်ဆေးသိရှိနိုင်ရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မြို့နယ်ဗီဒီယိုအခြေခံအဖွဲ့အား ညွှန်ကြားထားခြင်းဖြစ်သလို ရပ်ကွက်အုပ်ချုပ်ရေးမှူးများကိုလည်း အသိပေးထားရှိသည်ဟု သိရသည်။