ဟိုပုံးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်စခန်းတစ်ခုကို PNLA သိမ်းပိုက်

ဟိုပုံးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်စခန်းတစ်ခုကို PNLA သိမ်းပိုက်
ဖေဖော်ဝါရီ 24, 2024 | 2021 Military Coup| ရှမ်းတောင်

 ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသအတွင်း ဟိုပုန်းမြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များ ပူးတွဲတပ်စွဲထားသည့် လွယ်ဝိုးတုတ်ကျေးရွာအနီး တပ်စခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)ထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့က ဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်းတနေရာတွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်များက PNLA စစ်ကြောင်းကို လာရောက်တိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားသည့်နေရာကို PNLA က နယ် မြေရှင်းလင်းရာ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင်စီနှင့် ပြည်သူ့စစ်များထံမှ RPG တစ်လက်၊ ပစ္စတိုတစ်လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် ယမန်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီသည် ဆီဆိုင်မြို့ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု (၃)ကြိမ်ပြုလုပ်ခဲ့ပြီး ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသကိုလည်း လက်နက်ကြီးများဖြင့် အကြိမ်(၁၀၀)နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီသည် ထမ်းဆန်းဂူဒေသနှင့် ထမ်းဆန်းရွှေတိဂုံစေတီတော်တို့တွင် လက်နက်ကြီးများ အထိုင်ချကာ မဲနယ်တောင်ဒေသကို ဆက်လက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ ခရီးသွားပြည်သူများ၏ ကားများအား ပစ်ခတ်ခြင်းများကို ပြုလုပ်နေသည်ဟု သိရသည်။