ကျိုက်မရောတွင် လက်နက်ချအညံ့ခံခဲ့သည့် စစ်ကောင်စီတပ်သား ၂၃ ဦးကို ကောင်းမွန်စွာထိန်းသိမ်းထား

ကျိုက်မရောတွင် လက်နက်ချအညံ့ခံခဲ့သည့် စစ်ကောင်စီတပ်သား ၂၃ ဦးကို ကောင်းမွန်စွာထိန်းသိမ်းထား
နိုဝင်ဘာ 14, 2023 | 2021 Military Coup| အခြားဒေသများ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတွင် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့က လက်နက်ချအညံ့ခံခဲ့သည့် စစ်ကောင်စီတပ်သားများကို ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း ဂဠုန်စစ်ကြောင်းထံမှ သိရသည်။

တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် ချောင်းနှစ်ခွရဲကင်းစခန်းနှင့် ချောင်းနှစ်ခွတံတားကို စစ်ကူလာသည့် စစ်ကောင်စီတပ်မ (၂၂) လက်အောက်ခံ အင်အား (၅၀)ဦးပါ စစ်ကြောင်းအား တော်လှန်ရေးတပ်များက ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၂၃)ဦး လက်နက်ချအညံ့ခံခဲ့ခြင်းဖြစ်သည်။

"ဖမ်းမိသူတွေကိုတော့ လက်ရှိမှာ လုံခြုံစိတ်ချရတဲ့ နေရာမှာ ကောင်းကောင်းမွန်မွန်နဲ့ ထိန်းသိမ်းထားပါတယ်။ လက်ရှိကတော့  တိုက်ပွဲက မပြီးသေးတော့ အလုံစုံမသိရှိ မထုတ်ပြန်ရသေးပါဘူးခင်ဗျ။"ဟု ဂဠုန်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးနှင့် အရာရှိ (၁)ဦးအပါအဝင် (၁၄)ဦး သေဆုံးပြီး အရာရှိ(၁)ဦး အပါအဝင် (၅)ဦးကို အရှင်ဖမ်းမိကာ နောက်ထပ် အရာရှိ(၁)ဦးအပါအဝင် (၈)ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း NUGက ယမန်နေ့ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲကင်းစခန်းနှင့် ချောင်းနှစ်ခွ တံတားကို တော်လှန်ရေးတပ်ဖွဲ့များက နိုဝင်ဘာလ (၉)ရက်နေ့ကစတင်ပြီး တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ (၁၂)ရက်နေ့ ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency