ရေဦးမြို့နယ်တွင် စစ်တပ်အာဏသိမ်းပြီးနောက် အရပ်သား ၆၀ကျော် သေဆုံခဲ့ရပြီး အိမ်ခြေ ၃၄၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ

ရေဦးမြို့နယ်တွင် စစ်တပ်အာဏသိမ်းပြီးနောက် အရပ်သား ၆၀ကျော် သေဆုံခဲ့ရပြီး အိမ်ခြေ ၃၄၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ
စက်တင်ဘာ 7, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် (၁၉)လအတွင်း စစ်ကောင်စီတပ်ဖွဲ့ကြောင့် အရပ်သား (၆၀)ဦးကျော်သေဆုံးခဲ့ရကာ ကျေးရွာပေါင်း (၅၁)ရွာမှ နေအိမ်(၃၄၀၀)ကျော်ကို မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာ(၅၁)ရွာမှ နေအိမ်(၃၄၂၉)လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယင်းအထဲတွင် ချမ်းသာရွာသည် (၅)ကြိမ်တိုင် မီးရှို့ဖျက်ဆီးခဲ့ရာ ကက်သလစ်ခရစ်ယာန်ဘာသာဝင် အိမ်ခြေ(၄၀၀)ကျော်နှင့် ဗုဒ္ဓဘာသာဝင် အိမ်ခြေ(၁၃၀)ကျော်အား ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ချမ်းသာရွာကို မီးရှို့မှုကြောင့် နှစ်ပေါင်း(၁၂၈)နှစ်နီးပါးရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ ဘုန်းတော်ကြီးကျောင်းတိုက်၊ သီလရှင်ကျောင်းတိုက်နှင့် ကျေးရွာအထက်တန်းပြစာသင်ကျောင်းတို့လည်း မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ 

ထို့အပြင် လေကြောင်းတိုက်ခိုက်ခံရမှုတွင် Mi-35 ဖြင့် (၄)ကြိမ်၊ တိုက်လေယာဉ်ဖြင့် (၂)ကြိမ် တိုက်ခိုက်ခဲ့ပြီး အဆို ပါလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား(၇)ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ 

စစ်ကောင်စီတပ်ဖွဲ့၏ ခြေလျင်စစ်ကြောင်းများနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် အရပ်သား သေဆုံးသူ (၆၃)ဦးရှိခဲ့ပြီး ချမ်းသာရွာမှ (၅)ဦး၊ မုံတိုင်ပင်ရွာမှ (၁၇)ဦး၊ အင်ပင်ရွာမှ(၁၀)ဦး၊ ဇဝရွာမှ (၁)ဦး၊ နှောကုန်းရွာမှ (၁)ဦး၊ မီးမောင်းကုန်းရွာမှ (၁)ဦး၊ လိမ်တောရွာမှ (၂)ဦး၊ ကန်ပေါက်ရွာမှ (၃)ဦး၊ စည်သာမြေရွာမှ (၂)ဦး၊ ကူဖြူရွာမှ (၂)ဦး၊ ဖိန်းကားရွာမှ (၁)ဦး၊ တင်းတိန်ရံရွာမှ (၄)ဦး၊ ကွမ်းအုံရွာမှ (၁)ဦး၊ ရေမြက်ရွာအနီးတွင် (၁)ဦး၊ ရေမြက်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှ (၁၂)ဦး၊ အင်တောရွာမှ (၁)ဦး၊ ရေဦးမြို့အနီး ထန်းတောရွာမှ(၁)ဦး၊ ဇီးကုန်းရွာအနီး ဘင်တဲမူးဘောင်တွင် (၁)ဦးနှင့် တင်းတိန်ရံရွာနှင့် ဒီပဲယင်းမြို့ကြားတွင် (၁)ဦးတို့ သေဆုံးခဲ့ရကြောင်း သိရသည်။

 

(၂)ကြိမ်တိုင် မီးရှို့ခံခဲ့ရသည့် ရွာမိဿာရွာမှ နေအိမ်(၄၅၀)ဝန်းကျင်၊ ကုန်းသာရွာမှ နေအိမ်(၂၅၀)လုံးကျော် မီးလောင်ဆုံးရှုံးခဲ့ကြရပြီး တင်းတိန်ရံစံပြရွာကြီးမှာလည်း နေအိမ်(၃၀၀)ကျော်နှင့် စျေးဆိုင်ခန်းပေါင်း(၂၅၀)နီးပါး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ 

မီးလောင်ဆုံးရှုံးခဲ့ရသည့် ကျေးရွာများ ပြန်လည်ထူထောင်ရေးနှင့် မိုးကာ၊ စားနပ်ရိက္ခာများစွာ လိုအပ်နေကြောင်း 𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐨𝐦𝐫𝐚𝐝𝐞 က ယနေ့ စက်တင်ဘာလ (၇)ရက်နေ့တွင် ထုတ်ပြန်ဖော်ပြထားသည်။

#TachileikNewsAgency

Photo : ချမ်းသာရွာမှ သမိုင်းဝင် ကက်သလစ်ခရစ်ယာန်ဘုရားရှိခိုးကျောင်း မီးလောင်ပျက်စီးထားပုံ