ရှမ်းမြောက်တွင် တိုက်ခိုက်မှုများဖြစ်နေ၍ ပြည်ထောင်စုလမ်းမကြီးရှိ တိုးဂိတ်အချို့နှင့် လားရှိုးလေဆိပ်ပိတ်

ရှမ်းမြောက်တွင် တိုက်ခိုက်မှုများဖြစ်နေ၍ ပြည်ထောင်စုလမ်းမကြီးရှိ တိုးဂိတ်အချို့နှင့် လားရှိုးလေဆိပ်ပိတ်
အောက်တိုဘာ 27, 2023 | 2021 Military Coup| ရှမ်းမြောက်

ယမန်နေ့ကစ၍ တိုက်ပွဲများဖြစ်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပြည်ထောင်စုလမ်းမကြီးတလျှောက်မှ တိုးဂိတ်အချို့နှင့် လားရှိုးလေဆိပ်တို့ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့မှစ၍ ယာယီပိတ်လိုက်သည်။

“လားရှိုးလေဆိပ် လေယာဉ် အဆင်း၊ အတက်တွေပိတ်တယ်။လေကြောင်းခရီးစဉ်တွေလည်း ခေတ္တယာယီဆိုင်းငံ့ထားတယ်။ မနက်ဖြန်အတွက် လေယာဉ်လက်မှတ်ဖြတ်ထားသူတွေကို ဒီနေ့ညနေပိုင်းမှာ ငွေပြန်အမ်းတာဖြစ်စေ၊ ရက်ချိန်းပြန်ပေးတာဖြစ်စေ ပြန်လုပ်ပေးမယ်လို့တော့ လေဆိပ်ကအကြောင်းကြားတယ်။”ဟု ခရီးသွားတစ်ဦးက Tachileik News Agencyကို အတည်ပြုပြောကြားသည်။

လားရှိုးလေဆိပ်အား အခြေအနေကောင်းသည့်နေ့တွင် ပြန်ဖွင့်မည်ဟုသာ တာဝန်ရှိသူများကဆိုထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် (၃)ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကြေညာ၍ အောက်တိုဘာလ (၂၇)ရက်နေ့မှစ၍ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေခြင်းဖြစ်သည်။

ယမန်နေ့ ညပိုင်းမှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင်လည်း ပစ်ခတ်မှုများဖြစ်နေသည့်အတွက် ရေပူစစ်ဆေးရေးဂိတ်အပါအဝင် တိုးဂိတ်များ ပိတ်ထားရခြင်းဖြစ်သည်။

#TachileikNewsAgency