ဇရပ်ကြီးမြို့ တိုက်ပွဲအတွင်း စစ်ဆင်ရေး ရည်မှန်းချက်များ အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့သော်လည်း တော်ဝင်ဒေါင်းစစ်ကြောင်း၏ တပ်ဖွဲ့ဝင် (၄)ဦး ကျဆုံး ခဲ့ရ

Photo: Royal Peacock Column-P 29913
Photo: Royal Peacock Column-P 29913
ဇရပ်ကြီးမြို့ တိုက်ပွဲအတွင်း စစ်ဆင်ရေး ရည်မှန်းချက်များ အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့သော်လည်း တော်ဝင်ဒေါင်းစစ်ကြောင်း၏ တပ်ဖွဲ့ဝင် (၄)ဦး ကျဆုံး ခဲ့ရ
ဖေဖော်ဝါရီ 10, 2024 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့တွင် KNLA ဦးဆောင်သော မဟာမိတ်တပ်များနှင့်အတူ ပူးပေါင်း ပါဝင်ကာ စစ်ဆင်ရေးဖော်ဆောင်ခဲ့သည့် တော်ဝင်ဒေါင်းစစ်ကြောင်း ( Royal Peacock Column P-29913 )က တိုက်ပွဲအတွင်း ၎င်းတို့၏ တပ်ဖွဲ့ဝင်(၄)ဦး ကျဆုံးခဲ့ရကြောင်း ယနေ့ ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ဇရပ်ကြီးမြို့တွင် စစ်ကောင်စီတပ်၏ စခန်းများအား ပူးပေါင်းအဖွဲ့ဖြင့် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့ နံနက်အစောပိုင်းကစပြီး စစ်ရေးဖော်ဆောင်ရာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လေကြောင်းပစ်ကူများဖြင့် သာလွန်အင်အားသုံးကာ ခုခံတိုက်ခိုက်ခဲ့သော်လည်း မဟာမိတ်ပူပေါင်းတပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီတပ်၏ ခလရ(၇၃) အပါအဝင် စစ်ဆင်ရေးရည်မှန်းချက်များကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူ အပါအဝင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ သေဆုံးမှုများရှိခဲ့သလို ပြည်သူပိုင်အဆောက်အုံများလည်း ပျက်စီးခဲ့ရသည့်အပြင် တော်ဝင်ဒေါင်းစစ်ကြောင်း၏ တပ်ဖွဲ့ဝင်များဖြစ်သည့် ရဲဘော်မင်းခန့်၊ ရဲဘော်သီဟ၊​ ရဲဘော်ဘီးကြဲ နှင့် ရဲဘော် စာကလေးတို့သည် တိုက်ပွဲအတွင်း ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ရင်း တိုင်းပြည်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အသက်များ မြင့်မြတ်စွာပေးလှူခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။



အာဏာသိမ်းစစ်ကောင်စီ၏ တပ်သည် ဖေဖော်ဝါရီလ(၁၀)ရက်နေ့အထိ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများ၏ နေအိမ်များကို လေကြောင်း အပါအဝင် လက်နက်ကြီးများဖြင့် နေ့စဉ် ရမ်းသမ်းပစ်ခတ်နေလျှက်ရှိကြောင်း သိရသည်။