ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း စစ်ရှုံးသွားသည့် စစ်ကောင်စီက လားရှိုးမြို့တွင် ဒေသခံများ၏ ကိုယ်ရေးအချက်အလက်များ ကောက်ယူနေ

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း စစ်ရှုံးသွားသည့် စစ်ကောင်စီက လားရှိုးမြို့တွင် ဒေသခံများ၏ ကိုယ်ရေးအချက်အလက်များ ကောက်ယူနေ
ဖေဖော်ဝါရီ 23, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီတပ်က ဒေသခံများ၏ ကိုယ်ရေးအချက်အလက်များကို ကောက်ယူနေကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်းမှစ၍ စစ်ကောင်စီတပ်၏ နေပြည်တော်စစ် ဌာနချုပ်မှ အထူးညွှန်ကြားချက်ဖြင့် လဝကဌာနဝန်ထမ်းများက ကောက်ယူနေခြင်းဖြစ်ကြောင်း သိရသည်။ 

"နယ်မြေမှူးတွေ ကောက်နေတယ်။ ညီမအိမ်တော့ ကျားဘယ်လောက်၊ မ ဘယ်လောက် လာမေးသွားတယ်။ ဘာမှတော့ ပြောမသွားဘူး။ လူဦးရေ သိချင်တာလို့ပဲ ပြောတယ်။ ကျားနဲ့ မ၊ လူငယ် ဘယ်လောက်သိချင်လို့ အဲ့လိုပဲ အသက်ဘာညာတော့ မမေးဘူး။"ဟု လားရှိုးမြို့မှ ဒေသခံတစ်ဦးက Tachileik News Agency ကို ဖေဖော်ဝါရီလ(၂၃)ရက်နေ့တွင် ပြောသည်။

အဆိုပါစာရင်းကောက်ယူမှုများသည် တချို့ရပ်ကွက်များသို့ ရောက်လာခြင်း မရှိသေးဟုလည်း ဒေသခံများက ပြောသည်။

"စာရင်းကောက်နေတာတော့ ကြားတယ်။ ကျွန်မတို့ရပ်ကွက်ဘက်တွေတော့ ရောက်မလာသေးဘူး။"ဟုလည်း ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

လားရှိုးမြို့သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) အခြေစိုက်ရာမြို့ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း မြောက်ပိုင်း ညီနောင်မဟာမိတ်တပ်များ၏ ထိုးစစ်ကြောင့် စစ်ရှုံးကာ လက်နက် ချသူများကို ပြန်ပို့ခံရသည့် မြို့လည်းဖြစ်သည်။

လားရှိုးမြို့သည် တရုတ်နိုင်ငံနှင့်နီးစပ်သော ကုန်သွယ်ရေးရှိပြီး တရုတ်နိုင်ငံ၏ အာဆီယံသို့ ကုန်သွယ်ရေးဝင်ပေါက် လမ်းကြောင်းပေါ်မှ မြို့လည်းဖြစ်သည်။

စစ်ရေးရှုံးနိမ်နေသည့် စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို လွှတ်တော်မရှိဘဲ အတင်းအဓမ္မပြဌာန်းခဲ့ပြီး ဧပြီလကုန်တွင် စတင်မည်ဖြစ်ကြောင်း အသိပေးထားသည်။

စစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်းရှိလူငယ်များ ပြည်ပနိုင်ငံများသို့ အများအပြားထွက်ခွါနေကြပြီး တော်လှန်ရေးအဖွဲ့များကလည်း အဆိုပါဥပဒေကို ဆန့်ကျင်ကြရန် တိုက်တွန်းထားသည်။