အမေရိကန်အပါအဝင် နိုင်ငံအများအပြားမှ သံရုံးဝန်ထမ်းများ ဆူဒန်နိုင်ငံမှ ထွက်ခွာ

အမေရိကန်အပါအဝင် နိုင်ငံအများအပြားမှ သံရုံးဝန်ထမ်းများ ဆူဒန်နိုင်ငံမှ ထွက်ခွာ
ဧပြီ 25, 2023 | 2021 Military Coup

အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်အပါအဝင် နိုင်ငံအများအပြားမှ သံရုံးဝန်ထမ်းများကို ဒေသစံတော်ချိန် ၂၀၂၃ ခုနှစ် ဧပြီလ (၂၃)ရက်နေ့တွင် ဆူဒန်နိုင်ငံမှ ထွက်ခွာသွားကြပြီဖြစ်ကြောင်း သိရသည်။

ဆူဒန်တွင် ဧပြီလ (၁၅)ရက်နေ့မှစ၍ နိုင်ငံ့အရန်တပ်ဖွဲ့နှင့် စစ်တပ်အကြား အာဏာလွန်ဆွဲ တိုက်ခိုက်မှုများ ဖြစ်ပွားနေကြပြီး တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာနေရာ မြို့တော် ခါတွန်ရှိ သံရုံးများမှ မိမိတို့သံဝန်ထမ်းများကို အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်အပါအဝင် နိုင်ငံအများအပြားက ပြန်လည်ခေါ်ထုတ်သွားကြခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံက ဆူဒန်ရှိ သံတမန်နှင့် သံရုံးဝန်ထမ်းများအား ဧပြီလ (၂၃)ရက်နေ့ သန်းခေါင်ယံတွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့က ရဟတ်ယာဉ်များဖြင့် တစ်နာရီဝန်းကျင်ကြာ ခေါ်ထုတ်ခဲ့ကြသော်လည်း ထောင်ပေါင်းများစွာသော အမေရိကန်နိုင်ငံသားများကိုမူ ခေါ်ထုတ်နိုင်ခြင်း  မရှိသေးကြောင်း သိရသည်။

အင်အား (၁၀၀)ခန့်ပါသည့် အမေရိကန်အထူးတပ်ဖွဲ့က MH 47 ရဟတ်ယာဉ်များဖြင့် သံတမန်နှင့် သံရုံးဝန်ထမ်းများအား ခေါ်ထုတ်သွားကြခြင်းဖြစ်သည်ဟု သိရသည်။

ဆူဒန်တွင် လတ်တလောအခြေအနေအရ အပြည်ပြည်ဆိုင်ရာလေဆိပ် ပိတ်သွားဖွယ်ရှိနေပြီး နိုင်ငံတွင်း လမ်းမများကိုလည်း တပ်ဖွဲ့များက ထိန်းချုပ်မှုများလုပ်နေကြသည်ဟု သိရသည်။

လက်ရှိအချိန်ထိ တိုက်ခိုက်မှုများအတွင်း လူပေါင်း (၄၀၀)ထက်မနည်း သေဆုံးခဲ့ရပြီဟု သိရသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့တွင် စစ်အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲကျင်းပကာ အရပ်သားအုပ်ချုပ်ရေး ပြန်လည်ကျင့်သုံးရန် နှောင့်နှေးကြန့်ကြာနေသည့်  ဆူဒန်နိုင်ငံတွင် စစ်တပ်နှင့် နိုင်ငံ့အရန်တပ်ဖွဲ့တို့ကြား တင်းမာမှုများရှိနေရာမှ ၂၀၂၃ ခုနှစ် ဧပြီလ (၁၅)ရက်နေ့တွင် မြို့တော်ခါတွန်အပါအဝင် နေရာအနှံ့အပြားတွင် နှစ်ဖက်တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Ref: AP, The New York Times

Photo: Italian Defense Ministr, ROBERT L. FISHER III / AFP, Khalil MAZRAAWI / AFP,