တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ် နှင့် ၅၅၀ ဆရာတော် အမည်ခံ သင်္ဃန်းဝတ် ဝါသဝ၏ ပျူစောထီးအဖွဲ့များက ရပ်ကျေးပကဖ၊ ပအဖ တာဝန်ခံ(၂)ဦးနှင့် ဒေသခံ (၉)ဦးကို ရက်ရက် စက်စက် သတ်ဖြတ် သွား

တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ် နှင့် ၅၅၀ ဆရာတော် အမည်ခံ သင်္ဃန်းဝတ် ဝါသဝ၏ ပျူစောထီးအဖွဲ့များက ရပ်ကျေးပကဖ၊ ပအဖ တာဝန်ခံ(၂)ဦးနှင့် ဒေသခံ (၉)ဦးကို ရက်ရက် စက်စက် သတ်ဖြတ် သွား

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်အနောက်ခြမ်း ကံထူးမရွာရဲစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကူလာသည့် စစ်ကောင်စီတပ်နှင့် ၅၅၀ ဆရာတော် အမည်ခံ သင်္ဃန်းဝတ် ဝါသဝ၏ ပျူစောထီးတပ်များက ရပ်ကျေးပကဖ၊ ပအဖ တာဝန်ခံ(၂)ဦး နှင့် ဒေသခံ (၉)ဦးကို အပိုင်းပိုင်းဖြတ်ကာ သတ်ဖြတ်သွားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ(၂၁)ရက်နေ့က တန့်ဆည်အနောက်ခြမ်း ကံထူးမရွာရဲစခန်းကို တော်လှန်ရေးတပ်များပူးပေါင်းကာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ရေဦးနယ်အတွင်းသို့ ဝင်လာသော ခလရ(၁၁)၊ ခမရ (၇၀၈)တပ်များသည် ကန့်ဘလူနယ်ဘက်မှ ဝင်လာသည့် ၅၅၀ ဆရာတော် အမည်ခံ သင်္ဃန်းဝတ် ဝါသဝ၏ ပျူစောထီး(ပြည်သူ့စစ်)တပ်များနှင့် ပေါင်းကာ ကံထူးမရွာကို စစ်ကူပေးရန် စစ်ကြောင်းထိုးလာပြီးနောက် ရပ်ကျေးပကဖ၊ ပအဖ တာဝန်ခံ(၂)ဦးနှင့် ဒေသခံ (၉)ဦးကို အပိုင်းပိုင်းဖြတ်ကာ သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

“ဖေဖော်ဝါရီလ(၁၉)ရက်နေ့ကနေ မတ်လ(၃)ရက်နေ့အတွင်း စစ်ကြောင်းထိုးခဲ့တဲ့ ရွာတွေပါ။ (၁၁)ဦး သတ်ဖြတ် သွားတယ်။ ရပ်ကျေး ပကဖ နဲ့ ပအဖ (၂)ဦးကလွဲရင် အပြစ်မဲ့အရပ်သားပြည်သူတွေချည်းပါပဲ။”ဟု ရေဦးမြို့နယ် အခြေပြု People's Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က Tachileik News Agency ကို  မတ်လ(၃)ရက်နေ့တွင် ပြောသည်။ 

အဆိုပါ စစ်ကောင်စီတပ်များသည် ဆူးပါကုန်းကျေးရွာမှ အသက်(၃၀)နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖေဖော်ဝါ ရီလ(၁၉)ရက်နေ့က ဖမ်းဆီးလာပြီးနောက် သတ်ဖြတ်ခဲ့ကာ ဝရငယ်ကျေးရွာမှ အသက်(၇၀)အရွယ် အမျိုးသား တစ်ဦးကို ဖေဖော်ဝါရီလ(၂၄)ရက်နေ့တွင် ထပ်သတ်ပြီး ခနောရွာသစ်ကျေးရွာမှ အသက်(၅၀)ကျော်အရွယ် ရပ်ကျေး ပကဖတာဝန်ခံနှင့် ရပ်ကျေး ပအဖ တာဝန်ခံ(၂)ဦးကို  ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် ဖမ်းဆီးသတ်ဖြတ်သွားကြောင်း သိရသည်။ 

ထို့နောက် ရွာသစ်ကျေးရွာမှ အသက်(၄၅)နှစ်အရွယ် အမျိုးသားတစ်ဦးကို မတ်လ(၁)ရက်နေ့တွင် သတ်ထားခဲ့ပြီး  ယင်းနေ့တွင်ပင် ကံထူးမရွာရဲစခန်းအတွင်း ချုပ်နှောင်ထားသည့် အသက်(၃၀)အရွယ်နှင့် အသက်(၄၀)အရွယ် အချုပ်သား အမျိုးသား(၂)ဦးကိုလည်း ခုတ်ထစ်သတ်ဖြတ်သွားသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ထပ်မံ၍ အင်ပင်အိုင်ကျေးရွာမှ အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦး၊ ဇီးပေါက်ရွာမှ အသက်(၅၀)ခန့်အရွယ် အမျိုးသား(၂)ဦး၊ ပန်းထိမ်ကုန်းရွာမှ အသက်(၃၅)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ကို လည်း ခုတ်ထစ်သတ်ဖြတ်သွားသည်ဟု သိရသည်။

“သတ်ဖြတ်ခံရတဲ့ ဒေသခံတွေဟာ ထူးမရွာအနီး အရှေ့ဘက်ကရွာတွေနဲ့ မြောက်ဘက်ခြမ်းကရွာတွေကပါပဲ။ အချုပ်သား(၂)ဦးကတော့ ဘာပြစ်မှုနဲ့ကျထားတယ်ဆိုတာ မသိရပါဘူး။ ဘယ်ရွာသားတွေလဲဆိုတာ အတည် မပြုနိုင်သေးပါဘူး။ အခြားရွာက ဖမ်းခေါ်လာပြီး ချုပ်ထားတဲ့ ပြည်သူ(၂)ဦးဖြစ်ဖို့ များပါတယ်။ ပြစ်မှုနဲ့ချုပ်ထားရင် စခန်းသိမ်းတုန်းက ကယ်ထုတ်လို့ရတယ်။ စခန်းသိမ်းပြီးမှ ဖမ်းခေါ်လာတဲ့ပြည်သူ(၂)ဦးလို့ ခန့်မှန်းရတယ်။ ဒီကြားထဲမှာ မီးရှို့ခံရတဲ့ရွာတွေကရှိတယ်။”ဟု ၎င်းကဆက်ပြောသည်။

မီးရှို့ခံရသည့် ကျေးရွာများမှာ ခနောရွာသစ်၊ သပြေရင်း၊ ဖိုနှုတ်၊ ကံထူးမ၊ ကော်တက်၊ ရွာသစ်ကုန်း စသည့် (၆)ရွာဖြစ်ပြီး နေအိမ်ပျက်ဆီးမှုကိုမူ မသိရသေးဟု ဆိုသည်။

“လက်ရှိတော့ သေဆုံးသူအလောင်းတွေကို ကောက်ပီး အကုန်ပေါင်းပြီး မီးသင်္ဂြိုလ်ဖို့ ပြင်ဆင်နေကြပါတယ်။ တစ်စစီ လိုက်ကောက်နေရတဲ့ အလောင်းတွေက ပိုများတယ်။”ဟုလည်း ၎င်းက ဆက်ပြောသည်။  

အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းများသည် ယနေ့ မတ်လ(၃)ရက်နေ့ နေ့လည်ပိုင်းတွင် ပဲခင်းကြီး၊ ခရမ်းခြံ၊ သာယာကုန်း၊ အင်တံခါးရွာများမှတဆင့် တန့်ဆည်မြို့တွင်းသို့ ပြန်ဝင်သွားပြီဖြစ်သည်ဟု သိရသည်။

ဖေဖော်ဝါရီ(၁၉)ရက်က စတင်ကာ မတ်လ(၃)ရက်အထိ တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား(၄၀)ဦးထက် မနည်းသေဆုံးပြီး တော်လှန်ရေးရဲဘော်(၃)ဦး ကျဆုံးခဲ့သည်ဟု သိရသည်။