ခင်ဦးတွင် စစ်ကောင်စီတပ်က ကိုယ်ဝန်သည်တစ်ဦးအပါ ၄ ဦးကို သတ်ဖြတ်

ခင်ဦးတွင် စစ်ကောင်စီတပ်က ကိုယ်ဝန်သည်တစ်ဦးအပါ ၄ ဦးကို သတ်ဖြတ်
ဇန်နဝါရီ 13, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ခင်ဦးနယ် အနောက်ခြမ်းတွင် (၃)ရက်ကြာ စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီတပ်က ကိုယ်ဝန်သည်တစ်ဦး အပါအဝင် ဒေသခံ(၄)ဦးအား သတ်ဖြတ်ပြီး နေအိမ်(၁၀)လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးထံမှ သိရသည်။

အင်အား(၈၀)ကျော်ပါ စစ်ကြောင်းသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၂)ရက်နေ့ နံနက်ပိုင်းက တဲစုရွာနှင့် ပျဥ်ထောင်ပျူစောထီးရွာတို့မှ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်၍ ရေဦးမြို့ပေါ်မှ ပြန်အဆုတ်တွင် မြင်းကျရွာ၊ ကျွန်းတောကြီးရွာ၊ ကားဆိပ်ကျေးရွာတို့အား ဝင်ရောက်လာပြီး ဒေသခံ(၄)ဦးကို သတ်ဖြတ်သွားကာ အသက်(၆၀)ကျော် အမျိုးသားတစ်ဦးကိုလည်း ခြေထောက်တစ်ဖက်ကို သေနတ်ဖြင့်တေ့ပစ်သွားခဲ့သည်ဟု ဆိုသည်။

ယမန်နေ့က မြင်းကျကျေးရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက (၄၅)မိနစ်ခန့်ကြာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ သေဆုံး၊ ထိခိုက်ခိုက်မှုများသောကြောင့် မူးမြစ်အနောက်ဘက် (၃)မိုင်အကွာ ရေဦးမြို့ တိုင်းရင်းဆေးရုံ၌ တပ်စွဲထားသော စစ်ကောင်စီတပ်က (၈၀)မမ အလုံးရေ(၂၀)နှင့်အထက် ပစ်ကူပေးခဲ့သည်ဟု သိသည်။

တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်က မြင်းကျကျေးရွာမှ သက်ကြီးရွယ်အို အမျိုးသား(၂)ဦးဖြစ်သော ဦးလှဝင်းနှင့် ဦးမြင့်ဆွေတို့ကို  သတ်ပစ်ထားခဲ့ပြီး ကျွန်းတောကြီးရွာအရောက်တွင်လည်း သေဆုံးစစ်ကောင်စီတပ်သားများကို နေအိမ်များအတွင်းထည့်ကာ မီးရှို့ အလောင်းဖျောက်ခဲ့ကြောင်း သိရသည်။

အိမ်ခြေ(၁၅၀)ဝန်းကျင်ရှိ ကျွန်းတောကြီးကျေးရွာအတွင်းသို့ ဝင်ရောက်စဉ် ကိုယ်ဝန်(၅)လရှိသည့် မရင်ရင်သွေး(၃၉)နှစ်ကိုလည်း ဦးခေါင်းကိုသေနတ်ဖြင့် တေ့ပစ်သတ်ခဲ့ကာ နေအိမ်(၁၀)လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

သက်သာပန်းတောင်းရွာ(ကားဆိပ်ရွာ)မှ ဒေါ်ရင်မိုး(၄၄)နှစ်ကိုလည်း ညာရင်ဘက်ကို သေနတ်ဖြင့် တေ့ပစ်သတ်ခဲ့ပြီး တစ်ရွာတည်းနေ မသန်စွမ်း ဦးရှမ်းကြီးကိုလည်း ခြေထောက်တစ်ဖက်ကို သေနတ်ဖြင့် တေ့ပစ်သွားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ တပ်သားများသည် ညနေပိုင်းတွင် ကားဆိပ်ရွာအနောက် မူးမြစ်ကိုဖြတ်ကူးကာ ရေဦးမြို့ပေါ် ထမ်းစဥ်များဖြင့် ဝင်ရောက်သွားကြသည်ဟု သိရသည်။

#TachileikNewsAgency

Photo:ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး