ရက္ခိုင့်တပ်တော်က မင်းပြားမြို့နယ်အတွင်း တိုင်းဗဟို (၉)မှ  ကာကင်းစခန်း (၃)ခုနှင့် အရေးပါသည့် နေရာတစ်ခုကို  သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်သားများ အသက်မသေစေလိုလျှင်  လက်နက်ချ အညံ့ခံရန် သတိပေး

ရက္ခိုင့်တပ်တော်က မင်းပြားမြို့နယ်အတွင်း တိုင်းဗဟို (၉)မှ  ကာကင်းစခန်း (၃)ခုနှင့် အရေးပါသည့် နေရာတစ်ခုကို  သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်သားများ အသက်မသေစေလိုလျှင်  လက်နက်ချ အညံ့ခံရန် သတိပေး
ဖေဖော်ဝါရီ 22, 2024 | 2021 Military Coup| အခြားဒေသများ

 ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေသည့် မင်းပြားမြို့နယ်ရှိ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းမှ ကာကင်းစခန်း(၃)ခုနှင့် အရေးပါသောနေရာတစ်ခုကို သိမ်းထားပြီဖြစ်ပြီး  တိုင်းဗဟို (၉)တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေး ရက္ခိုင့်တပ်တော်က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်နေ့ကစတင်ကာ ရက္ခိုင့်တပ်တော်က မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်သားများ အသက်မသေစေလိုလျှင် လက်နက်ချ အညံ့ခံရန်လည်း သတိပေးပြောဆိုထားသည်။

မင်းပြားမြို့အခြေစိုက် စစ်ကောင်စီ၏ စကခ (၉) လက်အောက်ခံ နည်းဗျူဟာ(၂) ခမရ (၃၇၉)၊ ခမရ (၃၈၀) နှင့် ခမရ (၅၄၁) တို့အား ရက္ခိုင့်တပ်တော်(AA)မှ အပြီးသတ် သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်း မီးကျောက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို  ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၆) ရက်နေ့တွင် ထုတ်ထုတ်ပြန်ခဲ့သည်။

မင်းပြားမြို့ ကျိန်းတောင်ရှိ လက်နက်ကြီးကုန်းကို ရက္ခိုင့်တပ်တော်က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၀)ရက်နေ့က သိမ်းပိုက်ပြီး ဇန်နဝါရီ လ (၂၈)ရက်နေ့တွင် ခမရ(၃၈၀)တပ်ရင်းကို ထပ်မံသိမ်းပိုက်ကာ ကျန်ရှိ ခမရ (၃၇၉)နှင့် ခမရ(၅၄၁) တပ်ရင်းတို့ကို ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် ထပ်မံသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲပြင်းထန်ခဲ့သည့် မင်းပြားမြို့ကို ပြီးခဲ့သည့် ဇန်နဝါရီလ (၂၀)ရက်နေ့တွင် စစ်ကောင်စီတပ်၏ တပ်မ(၂၂)လက်အောက်ခံ ခမရ(၂၀၅)တပ်က စစ်ကူလာစဉ် ရက္ခိုင့်တပ်တော်က ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအလောင်းနှင့် လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း AA က သတင်းထုတ်ပြန်ခဲ့သည်။

ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့များရှိ လက်နက်ချအညံ့မခံသော စစ်ကောင်စီ၏ စစ်စခန်း၊ ဗျူဟာ၊ တပ် ရင်း၊ တပ်မဌာနချုပ်များကို ရက္ခိုင့်တပ်တော်မှ တိုက်ခိုက်နေသည်ဟုလည်း သိရသည်။

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် မြို့များရှိ  စစ်ကောင်စီ၏ တပ်စခန်းများမှ လက်နက်ကြီးများဖြင့် မြို့၊ ရွာ၊ လူနေအိမ်များအတွင်းသို့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများကို ဆက် လက်ပြုလုပ်နေသည်ဟုလည်း ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ယခင်ရက်များနည်းတူ ရမ်းဗြဲမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။