နားခိုက်ရွာကို စစ်ကောင်စီလေကြောင်းမှဗုံးကြဲရာ အရပ်သားတစ်ဦသေဆုံး နေအိမ်များပျက်စီး

နားခိုက်ရွာကို စစ်ကောင်စီလေကြောင်းမှဗုံးကြဲရာ အရပ်သားတစ်ဦသေဆုံး နေအိမ်များပျက်စီး
ဖေဖော်ဝါရီ 28, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် (၈)ကြိမ် ဗုံးကြဲတိုက်ခိုက်ခြင်း အပါအဝင် လေယာဉ်ပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းတို့‌ကြောင့် ဒေသခံတစ်ဦး သေဆုံးကာ နေအိမ်များပျက်စီးသွားကြောင်း သိရသည်။

ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၈)ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် နားခိုက်ကျေးရွာမှ ဖြားခွန် အသက်(၆၃)နှစ် သေဆုံးခဲ့ရပြီး နေအိမ်(၄)လုံးနှင့် စာသင်ကျောင်းတံခါးနှင့် ပြတင်းပေါက်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ကျေးရွာတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)မှ တပ်စွဲထားခြင်းမရှိသလို တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘဲ စစ်ကောင်စီတပ်က ဗုံးကြဲခြင်းဖြစ်သည်ဟု PNLAက ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ (၂၆)ရက်နေ့တွင်လည်း ဟိုပုံးမြို့နယ် စငေါကျေးရွာအုပ်စု တဖူꩻကဲင်းကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သဖြင့် နေအိမ်တစ်လုံး ပျက်စီးခဲ့ရသည်။

မြေပြင်တိုက်ပွဲတွင် အထိနာနေသည့် စစ်ကောင်စီသည် စစ်ရာဇဝတ်မှုများ၊ လူအခွင့်အရေးများ၊ ကျင့်ဝတ်များအား ချိုးဖောက်ကာ ပြည်သူလူထုအား ရန်သူသဖွယ် တိုက်ခိုက်နေသည်ဟုလည်း ဆိုသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ၏ လေကြောင်းရန်မှ ကာကွယ်နိုင်ရန်အတွက် လုံခြုံစိတ်ချရသည့် ဗုံးခိုကျင်းများ တူးထားကြရန် တိုက်တွန်းထားသည်။

#TachileikNewsAgency

Photo: PNLA News & Info