ရခိုင်ပြည်နယ်ရှိတိုက်ပွဲများတွင် အတွေ့အကြုံရယူခဲ့သည့် ယောကာကွယ်ရေးတပ်ဖွဲ့ဝင်များ ယောဒေသသို့ ပြန်လည်ရောက်ရှိ

ရခိုင်ပြည်နယ်ရှိတိုက်ပွဲများတွင် အတွေ့အကြုံရယူခဲ့သည့် ယောကာကွယ်ရေးတပ်ဖွဲ့ဝင်များ ယောဒေသသို့ ပြန်လည်ရောက်ရှိ

တိုင်းရင်းသားနယ်မြေများတွင် စစ်ပညာနှင့် စစ်ရေးအတွေ့အကြုံများ ရယူခဲ့သော ယောကာကွယ်ရေးတပ်ဖွဲ့ဝင်များ ယောဒေသသို့ ပြန်လည်ရောက်ရှိလာပြီး စစ်ရေးရည်မှန်းချက်ဖြစ်သော တော်လှန်ရေးကြီး အမြန်ဆုံးအပြီးသတ်အောင်ပွဲရရှိအောင် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ယောကာကွယ်ရေးတပ်(YDF)စစ်ရုံးချုပ် သတင်းပြန်ကြားရေးဌာနက ၂၀၂၄ခုနှစ် ဧပြီလ (၁၆)ရက်နေ့တွင် ထုတ်ပြန်ကြေငြာသည်။

ယခုပြန်လည်ရောက်ရှိလာသော တပ်ဖွဲ့ဝင်များသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ စစ်ဘက်ရဲဘက် တပ်ရင်း တပ်စခန်း၊ ဗျူဟာနှင့် တပ်မများကို သိမ်းပိုက်နိုင်သည်အထိ ပါဝင်တိုက်ခိုက်ခဲ့ကြသူများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယောကာကွယ်ရေးတပ်သည် တော်လှန်ရေး သုံးနှစ်တာကာလအတွင်း အခြေခံစစ်သင်တန်း အပတ်စဉ် (၁၄)အထိ သင်တန်းပေးပြီးဖြစ်ကာ ယခု ပြန်လည်ရောက်ရှိလာသော ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ဒေသခံတို့မှ အောင်သပြေပန်းများဖြင့် ဆီးကြိုနူတ်ဆက်ခဲ့ကြကြောင်း သိရသည်။

ယောဒေသသည် ဂန့်ဂေါခရိုင်ဖြစ်ပြီး ဂန့်ဂေါ၊ ထီးလင်း၊ ဆောနှင့် နောက်တိုး မြို့နယ်ခွဲအဖြစ် ကျောက်ထုမြို့တို့ပါဝင်သည်။

#TachileikNewsAgency