ကောလင်းမြို့တွင် လက်လုပ်သေနတ်ဖြင့် ဓားပြတိုက်နေသည့် စစ်ကောင်စီတပ်သားနှစ်ဦးကို ပကဖများဖမ်းဆီး

ကောလင်းမြို့တွင် လက်လုပ်သေနတ်ဖြင့် ဓားပြတိုက်နေသည့် စစ်ကောင်စီတပ်သားနှစ်ဦးကို ပကဖများဖမ်းဆီး

စစ်ကိုင်းတိုင်း ကောလင်းမြို့တွင် လက်လုပ်သေနတ်ဖြင့် ဓားပြတိုက်နေသည့် စစ်ကောင်စီတပ်သား(၂)ဦးကို ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၄)ရက်နေ့တွင် ကောလင်းမြို့နယ် ပကဖများက ဖမ်းဆီးရမိခဲ့ရာ တစ်ဦးသေဆုံးကြောင်း သိရသည်။

ဇူလိုင်လ (၁၄)ရက်နေ့က ကောလင်းမြို့ အနောက်ဘက် ကောလင်း-ဥက္ကံလမ်းပေါ်တွင် ကောလင်းမြို့နယ် ပကဖများက နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဥ် ကောလင်းမြို့ မင်းတဲကြီးရပ်ကွက် အနောက်ဘက် လက်ခုပ်ပင်အနီး၌ လက်လုပ်သေနတ်အတိုများဖြင့် လမ်းသွားလမ်းလာများအား ဓားပြတိုက်နေသည်ကို သတင်းရရှိပြီး သွားရောက်ပိတ်ဆို့ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးစဉ် တစ်ဦးသည် လက်လုပ်သေနတ်ဖြင့် အဖမ်းမခံဘဲ ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး ကျန်တစ်ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူမှာ ဝန်းသိုအခြစိုက် ခမရ(၁၁၁)တပ်မှ တပ်သားရွှေလျှံထွန်းဆိုသူဖြစ်ပြီး အရှင်ဖမ်းမိသူမှာ ဝန်းသိုအခြေစိုက် ခမရ(၁၂၀)တပ်မှ တပ်သားဟန်ဝင်းအောင်ဟုသိရကာ လက်လုပ်သေနတ်တစ်လက်၊ ဖုန်း(၂)လုံး၊ ဆိုင်ကယ်တစ်စီးတို့ကို သိမ်း ဆည်းရရှိပြီး သက်ဆိုင်ရာနယ်မြေခံ PDF တပ်ရင်းသို့ အပ်နှံခဲ့သည်ဟု သိရသည်။

၎င်းတို့ကို ခမရ(၁၁၁)တပ်ရင်းမှ ကိုယ်ပိုင်အမှတ် ဗိုလ်ဝင်းထွန်းဆိုသူက လက်လုပ်သေနတ်များပေး၍ ကောလင်းမြို့ပေါ်နေရာအနှံ့တွင် ဓားပြတိုက်ခိုင်းခြင်း အပါအဝင် ဆီသည်ကားများ၊ လောင်းကစားဝိုင်းများအား ငွေကောက်ခံခြင်း၊ ရာဇဝတ်မှုအမျိုးမျိုးတို့ကို တော်လှန် ရေးအဖွဲ့များမှ ပြုလုပ်သယောင် ထင်ယောင်ထင်မှားဖြစ်စေရန် စေခိုင်းခဲ့သည်ဟု ဖမ်းဆီးရမိသူထံမှ သိရကြောင်း ထုတ်ပြန်ထားသည်။ 

ဗိုလ်ဝင်းထွန်းဆိုသူသည် လက်ရှိတွင် ကောလင်းထွေအုပ်နှင့် ဆေးရုံတွင် လုံခြုံရေးတာဝန်ကျနေသူဖြစ်ပြီး ယခုစစ်ဆင်ရေးကို ကောလင်းမြို့နယ်ပကဖနှင့် The Secret Warrier KawLinတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း DCT/Dutiful Citizens Teams ကလည်း ဖော်ပြထားသည်။

#TachileikNewsAgency

Photo :DCT/Dutiful Citizens Teams