တာချီလိတ်မြို့တွင် နာမည်ဆိုးထွက်နေသည့် ရဲများအနက် နယ်ထိန်းရဲတစ်ဦး လက်ဆောင်ရထားသည့် ဖုန်းဖြင့် ဗုံးခွဲခံရ

တာချီလိတ်မြို့တွင် နာမည်ဆိုးထွက်နေသည့် ရဲများအနက် နယ်ထိန်းရဲတစ်ဦး လက်ဆောင်ရထားသည့် ဖုန်းဖြင့် ဗုံးခွဲခံရ
ဖေဖော်ဝါရီ 21, 2024 | မှုခင်းသတင်း| ရှမ်းရှေ့

တာချီလိတ်မြို့တွင်  လိုင်းကြေး အတောင်းကြမ်းသည်ဟု သတင်းဆိုးဖြင့် ကျော်ကြားသည့် ရဲများအနက် နယ်ထိန်းရဲတစ်ဦး  ဖုန်းဖြင့် ဗုံးခွဲခံရမှုနှင့် ကြုံရပြီး ပေါက်ကွဲမှုအတွင်း စိုးရိမ်ရသည့် အလွန်ပြင်းထန်သော ဒဏ်ရာရရှိသွား၍ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်ကုသမှု ခံယူနေရကြောင်း သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့  ဝိန်းကျောက်ရပ်ကွက်အပိုင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေး ရွှေလင်းယုန် ဂေါက်ကွင်းအနီးတွင် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်နေ့ ည(၁၀)နာရီခွဲဝန်းကျင်အချိန်က ဖြစ်ပွားခြင်း ဖြစ်သည်။

ပေါက်ကွဲသည့် အကြောင်းအရင်းမှာ ၎င်းအား လက်ဆောင်ပေးသည့် iPhone 15  ကနေ ပေါက်ကွဲခြင်း ဖြစ်ပြီး ကားအတွင်း နယ်ထိန်းရဲ အပါအဝင် အမျိုးသမီး တစ်ဦးလည်း ပါဝင်ရာ (၂)ဦး စလုံးမှာ စိုးရိမ်ရသည့် အလွန်ပြင်းထန်သော ဒဏ်ရာရရှိသွားရာတွင် အမျိုးသမီးမှာ အသက်အန္တရာယ် ပိုစိုးရိမ်ရကြောင်း သိရသည်။ 

လုပ်ကြံခံရ၍ အပြင်းအထန် ဒဏ်ရာရရှိသွားသူမှာ တာချီလိတ်မြို့ ဟောင်လိတ်နယ်မြေရဲစခန်းမှ ဝိန်းကျောက်ရပ်ကွက်၏ နယ်ထိန်းရဲတစ်ဦးဖြစ်သူ ဒုတပ်ကြပ် ရာဆူဖြစ်ကြောင်း သိရသည်။

"သူက နာမည်ဆိုး အရမ်းထွက်နေတာ ကြာပြီ၊ အာခါလူမျိုးအချင်းချင်းတောင် မောက်မောက်မာမာ ပြောဆိုမှုတွေ လုပ်တယ် ငွေအတောင်းကြမ်းတယ်။ ငွေတောင်းတာ အတော်ကြမ်းကြောင်း နာမည်ဆိုးထွက်တဲ့အထဲမှာ သူလည်း အပါအဝင်ပေါ့။ သူ့စခန်းမှုလည်း အတူတူဘဲ ပြောရရင် ဟောင်လိတ်ရဲစခန်းက နယ်ထိန်းတွေနဲ့ စခန်းမှူးတို့ ရိုင်းလည်း ရိုင်းသလို ငွေလည်း အတောင်းကြမ်းတယ်။ ခရိုင်ရဲမင်းကြီးကတောင် သူတို့ကို မောက်မောက်မာမာ မဆက်ဆံရဲဘူးလို့ ကြားတယ်။"ဟု အမည်မဖော်လိုသည့် ဒေသခံ လုပ်ငန်းရှင်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့တွင် လောင်းကစားလုပ်ငန်းများနှင့် ပတ်သက်၍ အွန်လိုင်းဂိမ်းလုပ်ငန်း၊ ကျားဖြန့်လုပ်ငန်း၊ ငါးဂိမ်းခုံလုပ်ငန်းများအပြင် ဖြေဖျော်ရေးလုပ်ငန်းကြီးများကနေ လစဉ် ငွေကြေးရယူနေသည့် တာချီလိတ်ရဲတပ်ဖွဲ့သည် အထက်အဆင့်ဆင့်ကို ပေးကမ်းရသည်ဟုဆိုကာ ငွေကြေးပိုမိုတောင်းခံမှု ပြုလုပ်လေ့ရှိသည်ဟု ဒေသခံ လုပ်ငန်းရှင်များထံက သိရသည်။