တပ်က အာဏာသိမ်းလိုက်ပြီးနောက် တာချီလိတ် - မယ်ဆိုင်အကြား ချစ်ကြည်ရေး အမှတ်(၂)တံတား ၏ ထိုင်းဘက်တွင် မြန်မာယာဉ်မောင်း (၁၀၀)ဝန်းကျင် ပိတ်မိနေ

တပ်က အာဏာသိမ်းလိုက်ပြီးနောက် တာချီလိတ် - မယ်ဆိုင်အကြား ချစ်ကြည်ရေး အမှတ်(၂)တံတား ၏ ထိုင်းဘက်တွင် မြန်မာယာဉ်မောင်း (၁၀၀)ဝန်းကျင် ပိတ်မိနေ
ဖေဖော်ဝါရီ 1, 2021 | ရှမ်းရှေ့

တပ်ချုပ်က အာဏာသိမ်းလိုက်သည့်အတွက် နိုင်ငံအတွင်း အရေးပေါ်အခြေအနေကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ် (၂) တံတားကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ နံနက် (၁၀) နာရီခန့်တွင် တပ်က ပိတ်လိုက်ရာ ထိုင်းဘက်အခြမ်းရှိ မြန်မာယာဉ်မောင်း (၁၀၀)ဝန်းကျင်သည် နံနက်(၁၁)နာရီကျော်အထိ ပိတ်မိနေကြောင်း သိရသည်။

မယ်ဆိုင်ဘက်အခြမ်းတွင် ပိတ်မိနေသည့် မြန်မာ ယာဉ်မောင်းများ

ယင်းအခြေအနေကြောင့် တံတားအား မြန်မာဘက်တွင် တပ်က ရုတ်တရက် ပိတ်လိုက်သည့်အတွက် မယ်ဆိုင်ဘက်အခြမ်းသို့ ရောက်ရှိနေသည့် မြန်မာယာဉ်မောင်း (၁၀၀)ဝန်းကျင်မှာ တာချီလိတ်ဘက်သို့ ပြန်လာ၍ မရဘဲ မယ်ဆိုင်ဘက်ရှိ တံတား(၂)ဝန်းအတွင်း၌ ပိတ်မိနေခြင်း ဖြစ်သည်။

တာချီလိတ်တွင် ဖေဖေါ်ဝါရီလ (၁) ရက်နေ့အကူး နံနက် (၁) နာရီဝန်းကျင် ကတည်းက တပ်မတော်က NLD ပါတီ ကိုယ်စားလှယ်များ၏ နေအိမ်များသို့ ဝင်ရောက်ဖမ်းဆီးပြီး ဆက်သွယ်ရေးလိုင်းအားလုံးကို ဖြတ်တောက်ထားခဲ့ခြင်းဖြစ်သည်။

ထိုင်းနံပါတ်တပ် မြန်မာကုန်တင်ယာဉ်များ

တပ်မတော်က နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် NLD ပါတီမှ ကိုယ်စားလှယ်များအား ဖမ်းဆီးလိုက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာလွှဲပြောင်းယူလိုက်ပြီး နိုင်ငံတော်အား အရေးပေါ်အခြေအနေ တစ်နှစ်ကြေညာလိုက်သည်။

ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေအား ယာယီသမ္မတအဖြစ် ထားရှိသည်ဟု ကြေညာထားသည်။ 

Ko Zaung is the editor-in-chief of Tachileik News Agency.