တာချီလိတ်ခရိုင် ကိုဗစ်ကော်မတီက တာလေမြို့အတွက် COVID 19 စစ်ဆေးရေးပစ္စည်းများ မပံ့ပိုး၍  စစ်ဆေးခံ ကျပ်(၄၀,၀၀၀) ကောက်ခံနေ

တာချီလိတ်ခရိုင် ကိုဗစ်ကော်မတီက တာလေမြို့အတွက် COVID 19 စစ်ဆေးရေးပစ္စည်းများ မပံ့ပိုး၍  စစ်ဆေးခံ ကျပ်(၄၀,၀၀၀) ကောက်ခံနေ
ဇူလိုင် 17, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း တာလေမြို့တွင် အခြားဒေသမှလာ၍ အသွားအလာ ကန့်သတ်ခံထားရသူများအား COVID 19 စစ်ဆေးရေးအတွက် လိုအပ်သည့်ပစ္စည်းများကို ခရိုင်ကိုဗစ်ကော်မတီက ပံ့ပိုးနိုင်ခြင်းမရှိ၍ တစ်ဦးလျှင် ကျပ် (၄၀,၀၀၀)နှုန်းဖြင့် COVID 19 စစ်ဆေးနေရပြီး ငွေကြေးမတတ်နိုင်သူများ တာချီလိတ် Fever Clinic တွင် ကျပ် (၁) သောင်းဖြင့် စစ်ဆေးနေရသည်ဟု သိရသည်။

တာချီလိတ်ခရိုင် ကိုဗစ်ကော်မတီက တာလေမြို့အတွက် RDT Test Kit အပါအဝင် စစ်ဆေးရေး ပစ္စည်းများ ပံ့ပိုးမှုမရှိ၍ Quarantine ဝင်နေသူများအား စစ်ဆေးပါက တစ်ဦးလျှင် ကျပ် (၄) သောင်းကျသင့်မည်ဖြစ်ပြီး ကုန်ကျစရိတ်မတတ်နိုင်ပါက ပရဟိတယာဉ်များ၏ အကူအညီဖြင့် တာချီလိတ်မြို့ရှိ Fever Clinic သို့ သွားရောက်ကာ သွားရောက်ကာ စစ်ဆေးခ ကျပ် (၁) သောင်းနှုန်းဖြင့်စစ်ဆေးကြရမည်ဟု သိရသည်။

အစည်းအဝေးမှာ ပြောတာက သူတို့တောင်းတဲ့စျေးပေးနိုင်ရင် ဆေးစစ်ပေးမယ်။ မပေးနိုင်ရင် ပရဟိတကို အကူအညီ တောင်းပြီး တာချီလိတ် သွားစစ်တဲ့

ဟု ယနေ့ ဇူလိုင်လ(၁၇)ရက်နေ့တွင် တာလေမြို့အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည့် ကိုဗစ်ကာကွယ်ရေးအစည်းအဝေးတွင် ကျန်းမာရေးဘက်က ပြောကြားကြောင်း အဆိုပါ အစည်းအဝေးသို့ တက်ရောက်သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာလေမြို့သို့ Stay at Home ဒေသများမှ လာသူများကို မိမိတို့ရပ်ကွက်အလိုက် သတ်မှတ်ထားသည့် Quarantine Center များတွင် လည်းကောင်း ၊ နားယောင်းကျေးရွာအုပ်စုအနေဖြင့် ရန်ကင်း (၁)စာသင်ကျောင်းနှင့် တောင်သုံးလုံးစာသင်ကျောင်းများတွင် ထားရှိပြီး မိမိစားရိတ်ဖြင့် COVID 19 စစ်ဆေးစေခြင်းဖြစ်ကြောင်း သိရသည်။

တာလေမြို့ အဝင်အထွက်များတွင် Covid-19 ကာကွယ်ရေးအတွက် ခရီးသွားရာဇဝင်ကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်းများကို လူမှုကူညီရေးအသင်းများက  သက်ဆိုင်ရာနှင့်အတူ ပူးပေါင်း၍ ရွက်ပေးနေကြောင်းလည်း သိရသည်။

COVID 19 ပထမလှိုင်းနှင့် ဒုတိယလှိုင်းအတွင်းက အသွားအလာကန့်သတ်ထားသူများ၊ အတည်ပြုလူနာနှင့်ထိတွေ့သူများ၊ သံသယလူနာများအားလုံးကို RDT၊ PCR တို့ဖြင့် အခမဲ့စစ်ဆေးပေးခဲ့သော်လည်း စစ်တပ်က နိုင်ငံ့အာဏာသိမ်းပြီးနောက် ရင်ဆိုင်နေရသည့် တတိယလှိုင်းတွင် Quarantine ထားသူများပါ မိမိစရိတ်ဖြင့် RDT စစ်ဆေးနေရပြီး လုံလောက်သည့်စစ်ဆေးမှု၊ ကုသမှုများမရဘဲဖြစ်နေခြင်းဖြစ်သည်။

တာလေမြို့တွင် အတည်ပြုလူနာမတွေ့ရသေးသော်လည်း တာလေမြို့အနီးရှိ တာချီလိတ်မြို့တွင် အတည်ပြုလူနာ (၅၃၀)ကျော်ဖြင့် stay at home ဒေသအဖြစ် သတ်မှတ်ထားရခြင်းဖြစ်သည်။