တာချီလိတ်မြို့တွင် ယာဉ်ထိန်းရဲက စစ်ဆေးမှုများ ပြုလုပ်ပြီး ယာဉ်မောင်းလိုင်စင်မပါသူများကို ထိုင်းဘတ်ငွေ ဘတ်(၁၀၀၀)တောင်းရမ်း

တာချီလိတ်မြို့တွင် ယာဉ်ထိန်းရဲက စစ်ဆေးမှုများ ပြုလုပ်ပြီး ယာဉ်မောင်းလိုင်စင်မပါသူများကို ထိုင်းဘတ်ငွေ ဘတ်(၁၀၀၀)တောင်းရမ်း
အောက်တိုဘာ 3, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ပုံလို့သွားလမ်းတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့က စစ်ဆေးမှုများ ပြုလုပ်နေပြီး ယာဉ်မောင်းလိုင်စင် မပါသူများကို ထိုင်းဘတ်ငွေ ဘတ်(၁၀၀၀)တောင်းခံကြောင်း သိရသည်။

ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၃)ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်မြို့ ပုံလို့သွားလမ်းပေါ် ရွှေမြေသာယာ(လားဟူ)ဈေးလမ်း နှင့် ဆန်ဆိုင်း(က)ဘက်အပြင် ပုံလို့ဘက်က လာသည့် ကား/ဆိုင်ကယ်များကို အမှတ်(၁၉)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(ရှမ်းအရှေ့)လက်အောက်ခံ အမှတ်(၁၁၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(တာချီလိတ်ခရိုင်)မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက စစ်ဆေးနေပြီး ယာဉ်မောင်းလိုင်စင် မပါသူများကို ဘတ်(၁၀၀၀)ကောက်ခံနေခြင်းဖြစ်သည်။

ယာဉ်မောင်းလိုင်စင်မပါလို့ ဘတ်(၁၀၀၀)ပေးခဲ့ရတယ်။ အခုရက်ပိုင်း ဒီနေရာမှာ မနက်ပိုင်း စစ်ကြတယ်။ တခါတလေ ပုံလို့လမ်းဆုံ တာဝေမီးစက်နားမှာလည်း စစ်တာတွေ လုပ်တယ်။ ဒီလိုကာလမှာ စစ်ဆေးရေး တွေ ငွေတောင်းတွေ လုပ်ရဲနေကြတယ်

ဟု ဘတ်(၁၀၀၀)ပေးခဲ့ရသူ တစ်ဦးက Tachileik News Agency သို့ အောက်တိုဘာလ(၃)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့တွင် ယာဉ်ထိန်းရဲမှ အောက်တိုဘာလအစကနေ စတင်ပြီး စစ်ဆေးမှုများပြုလုပ်လာသလို ငွေကြေးတောင်းခံမှုများ ပြုလုပ်သည့်နည်းတူ ၎င်းတို့၏ ရုံးလုံခြုံရေးကိုလည်း သတိထားစောင့်ကြည့်နေရသလို မီးပွိုင့်များတွင်လည်း သေနတ်များကိုင်ဆောင်ပြီး စောင့်ကြပ်နေသည်ဟု သတင်းရင်းမြစ်များထံက သိရသည်။

#TachileikNewsAgency