တာချီလိတ်မြို့ရှိ Club နှင့် KTV များတွင် ရရှိနိုင်သည့် မူးယစ်ဆေးဝါးအသစ် Happy Drug များကို တာချီလိတ်ကနေ တင်သွင်းလာမှု မရှိစေရေးအတွက် မယ်ဆိုင်နယ်စပ်တလျှောက် ထိုင်းနယ်စပ်လုံခြုံရေးက စောင့်ကြည့်မှု တိုးမြှင့်

တာချီလိတ်မြို့ရှိ Club နှင့် KTV များတွင် ရရှိနိုင်သည့် မူးယစ်ဆေးဝါးအသစ် Happy Drug များကို တာချီလိတ်ကနေ တင်သွင်းလာမှု မရှိစေရေးအတွက် မယ်ဆိုင်နယ်စပ်တလျှောက် ထိုင်းနယ်စပ်လုံခြုံရေးက စောင့်ကြည့်မှု တိုးမြှင့်

 တာချီလိတ်မြို့ရှိ Club နှင့် အချို့ KTV များတွင် ရောင်းချနေသည့် Happy Water ဟု ခေါ်သော Happy Drug ကို တာချီလိတ်မြို့ကနေ ထိုင်းနိုင်ငံ မယ်ဆိုင်မှတဆင့် နိုင်ငံအတွင်း တင်သွင်းလာမှုများ ရှိနေပြီဖြစ်၍  ထိုင်းနယ်စပ်လုံခြုံရေးတပ်ဖွဲ့များက တားဆီးရန် တာချီလိတ် - မယ်ဆိုင် နယ်စပ်တလျှောက်တွင် စောင့်ကြည့် စောင့်ဖမ်းမှုများ တိုးမြှင့် လုပ်ဆောင်နေရကြောင်း သိရသည်။ 

ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေး အရာရှိများ၏ ပြောကြားမှုအရ "Happy Drug" ကို တာချီလိတ်မြို့ရှိ ဖျော်ဖြေရေးနေရာ အားလုံးနီးပါးတွင် ရနိုင်သည်ဟု ဆိုသည်။ 

အဖြူရောင်ဆေးအမှုန့်ကို ဆေးပြား သို့မဟုတ် ဆေးတောင့်ပုံစံ ပြုလုပ်ထားသည့် ထိုမူးယစ်ဆေးဝါး၏ ဈေးနှုန်းမှာ (၂၀) ဂရမ်ပါ တစ်ထုတ်လျှင် ထိုင်းဘတ်ငွေ (၃,၀၀၀) နှင့် (၆,၀၀၀) ကြား ဖြစ်ကြောင်း သိရသည်။

"Happy Drug" မှာ မက်သာဖက်တမင်း (methamphetamine) ထက် အာနိသင်လျော့နည်းသော်လည်း ၎င်းကိုသုံးထားပါက နိုးကြားတက်ကြွပြီး အာရုံခံစားမှုကောင်းကာ အရက်ဆိုင် သို့မဟုတ် ဘားဆိုင် သို့မဟုတ် နိုက်ကလပ်တွင် တစ်ညလုံး အချိန်းဖြုန်းနိုင်စွမ်းရှိသည်ဟု ဆိုသည်။ 

"Happy Drug" ကို တံဆိပ်များစွာဖြင့် ရောင်းချပြီး ၎င်း၏ထုပ်ပိုးမှုပုံစံမှာ ကွန်ဒုံးအထုပ်များနှင့် ဆင်တူကြောင်း သိရသည်။

COVID-19 ကပ်ရောဂါ စတင်ခဲ့ချိန် ၂၀၂၀ ခုနှစ်အတွင်း ထိုမူးယစ်ဆေးဝါးအသစ် ထွက်ပေါ်လာခဲ့သော်လည်း  ထိုဆေးမှာ တာချီလိတ်မြို့ရှိ နိုက်ကလပ်နှင့် KTV များတွင် မကြာသေးမီက အသုံးများလာခဲ့သည်ဟု ချင်းရိုင်းတိုင်း သတင်း  က ဆိုသည်။ 

"Happy Drug" မူးယစ်ဆေးဝါးကို ထိုင်းနိုင်ငံဘက်အခြမ်း နယ်စပ်တွင် မတွေ့ရသေးသော်လည်း ဒေသဆိုင်ရာ အာဏာပိုင်များက ထိုင်းဘက်သို့ ထိုမူးယစ်ဆေးဝါး တင်သွင်းရန်ကြိုးပမ်းနိုင်ကြောင်း သံသယရှိသည့် ယာဥ်များနှင့် လူများကို ရပ်တန့်စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်နေသည်။

 

တာချီလိတ်မြို့တွင်  ၂၀၂၂ခုနှစ်အတွင်း Happy Drug ( Happy Water )များ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ၂၀၂၂ခုနှစ် ဇူလိုင်လ(၃)ရက်နေ့က (၁၂၀)ဂရမ်၊ ဇူလိုင်လ(၂၈)ရက်နေ့က  (၉၀၉)ဂရမ်၊ ဩဂုတ်လ(၁၁)ရက်နေ့က (၂၂၅)ဂရမ်၊ ဩဂုတ်လ(၂၈)ရက်နေ့က  (၄၂၅)ဂရမ်တို့ကို KTV နှင့် ကလပ်တွင် ဖမ်းမိသည့်အတွက် တာချီလိတ်မြို့မရဲစခန်း နှင့် ဟောင်လိတ်နယ်မြေရဲစခန်းတို့တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ထားသည်ဟုလည်း သိရသည်။ 

Source: CTN News