မိုင်းဆတ်မြို့တွင် ဒေါက်တာဇော်ဝေစိုး နှင့် ကိုမင်းကိုနိုင် အပါအဝင် ပုဒ်မ-၅၀၅(ခ)၊ ပုဒ်မ ၁၂၂တို့ဖြင့် အမှုဖွင့်ထားသည့် (၁၇)ဦး၏ ပုံများကို ဗီနိုင်းပိုစတာများဖြင့် ကြေညာထား

မိုင်းဆတ်မြို့တွင် ဒေါက်တာဇော်ဝေစိုး နှင့် ကိုမင်းကိုနိုင် အပါအဝင် ပုဒ်မ-၅၀၅(ခ)၊ ပုဒ်မ ၁၂၂တို့ဖြင့် အမှုဖွင့်ထားသည့် (၁၇)ဦး၏ ပုံများကို ဗီနိုင်းပိုစတာများဖြင့် ကြေညာထား
ဧပြီ 17, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင်း၌ ဒေါက်တာဇော်ဝေစိုး နှင့် ကိုမင်းကိုနိုင် အပါအဝင် ပုဒ်မ-၅၀၅(ခ)၊ ပုဒ်မ ၁၂၂တို့ဖြင့် အမှုဖွင့်ကာ လိုရှိနေသည့်  (၁၇)ဦး၏ အမည်နှင့်ပုံများကို  ဗီနိုင်းပိုစတာများဖြင့် ကြေညာထားသည်ကို တွေ့ရသည်။

မိုင်းဆတ်မြို့ပေါ် မြို့သစ်ရပ်ကွက် လမ်းဆုံ နှင့် ဈေးအနီး အပါအဝင် မိုင်းတုံအထွက် ဝမ်ကန်ရပ်ကွက်လမ်းဆုံတို့တွင် ၂၀၂၁ခုနှစ် ဧပြီလ(၁၁)ရက်နေ့က စတင်၍ ဗီနိုင်းပိုစတာများဖြင့် ကြေညာထားခြင်းဖြစ်ရာ ယနေ့ ဧပြီလ(၁၇)ရက်နေ့အထိ မြင်တွေ့နေရဆဲဖြစ်သည်။

အမှုဖွင့်ထားပြီး တရားခံပြေးဟု သတ်မှတ်ကား နီးစပ်ရာ ရဲစခန်းသို့ အကြောင်းကြားပေးရန်ဟုဆိုပြီး ဒေါက်တာဇော်ဝေစိုး၊ ဦးလွင်ကိုလတ်၊ ဦးနေမျိုး(ခ)ဦးဝင်း(ခ)မြင့်ဦး၊ ဦးထွန်းမြင့်၊ ဦးဝေဖြိုးအောင်၊ ဦးစောယှားဖောင်းအွာ၊ ဦးဇေလတ်၊ ဦးဝင်းနိုင်၊ ဦးမင်းကိုနိုင်၊ ဦးဥက္ကာမင်း၊ ဦးနိုင်ထူးအောင်၊ ဦးမျိုးနိုင်၊ ဦးဇော်မင်းသိန်း၊ ဦးရည်မွန်(ခ)မောင်တင်သစ်၊ ဒေါ်ဖြူဖြူဝင်း၊ ဒေါ်ဇင်မာအောင် နှင့် ဒေါ်မြတ်သီတာထွန်း တို့၏ အမည်များနှင့်ပုံများ အပါအဝင် စာရွက်များကို လိုက်လံ ကပ်ထားခြင်း ဖြစ်သည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအဖွဲ့က ယခုလို (၁၇)ဦး၏ အမည်နှင့်ပုံများကို နိုင်ငံအတွင်းရှိ နယ်စွန် နယ်ဖျားမြို့များအထိ ဗီနိုင်းများ၊ စာရွက်များဖြင့် ကပ်ထားရန် ညွှန်ကြားထားကြောင်းလည်း သိရသည်။