တာချီလိတ်မြို့ ဝမ်ကောင်းဈေးဘေးရှိ နမ့်ယွန်းချောင်းအတွင်း အမှိုက်များ အဆမတန်များနေပြီး အနံ့ဆိုးများ ထွက်နေ

တာချီလိတ်မြို့ ဝမ်ကောင်းဈေးဘေးရှိ နမ့်ယွန်းချောင်းအတွင်း အမှိုက်များ အဆမတန်များနေပြီး အနံ့ဆိုးများ ထွက်နေ
ဖေဖော်ဝါရီ 20, 2024 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်အတွင်း  စည်ပင်သာယာရေးဌာန၏ ကြီးကြပ်မှုလက်အောက်ရှိ မြို့မ(ဝမ်ကောင်း)ဈေးဘေး နမ့်ယွန်းချောင်းအတွင်း ရက်ရှည်ကြာ စွန့်ပစ်ထားသည့် အမှိုက်များမှာ ချောင်းတွင်းများပြားနေပြီး ဘေးပတ်ဝန်းကျင်များအထိ အနံ့ဆိုးများထွက်နေကြောင်း သိရသည်။

"ချောင်းထဲမှာ ဈေးထဲက ပစ်တဲ့ အမှိုက်တွေရော ညည လာပစ်တဲ့ အမှိုက်တွေရော အတော်များနေတယ်။ ဈေးထဲက ပစ်ချတဲ့ အမှိုက်ပေါင်းစုံထဲမှာ ဖော့ဘူးတွေလည်း အများဆုံးပဲ။ အညစ်အကြေးတွေရော အတော်နံတယ်။ မနက် မနက် ဈေးသွားလို့ ဖြတ်သွားတိုင်း အနံ့ဆိုးအတော်ထွက်နေတာ သိသိသာသာပဲ။"ဟု ဒေသခံ တစ်ဦးက ပြောသည်။

ချောင်းအတွင်း အမှိုက်များမှာ လနှင့်ချီကြာနေပြီဖြစ်ရာ သက်ဆိုင်ရာအနေဖြင့် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်နေ့အထိ ရှင်းလင်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

"အရင်က အဲ့ချောင်းက ရေကြည်ပြီး ရေစီးများတယ်။ အခုဆို ဘေးနှစ်ဖက်က အမှိုက်အပြည့်ပဲ။ အဓိက ကတော့ ဈေးထဲက အမှိုက်တွေပေါ့။ အနီးအနားအိမ်တွေကလည်း အလွယ်ပစ်တာတွေလည်း ပါနိုင်သလို ညဘက် လာလာပစ်တာတွေလည်း ပါနိုင်တာပေါ့။ အတော်ကို ရုပ်ပျက် ဆင်းပျက်ဖြစ်နေတယ်။"ဟု ဝမ်ကောင်းရပ်ကွက်တွင်း နေထိုင်သူ တစ်ဦးက Tachileik News Agency သို့  ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် ပြောသည်။

 

တာချီလိတ်မြို့တွင် သက်ဆိုင်ရာဌာနများ နှင့် လူမှုရေးအသင်းအဖွဲ့များသည် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးအဖြစ် လုပ်ဆောင်လေ့ရှိသော်လည်း အမှိုက်များပြည့်နေသည့် နမ့်ယွန်းချောင်းကို ကျော်သွားပြီး အခြားနေရာများတွင် လုပ်ဆောင်လေ့ရှိသည်ဟု သိရသည်။

"အပတ်စဉ် စနေနေ့တိုင်း သက်ဆိုင်ရာတွေ စုပေါင်းပြီး   လမ်းတွေပေါ်မှာ သန့်ရှင်းရေး လုပ်နေကြတာတော့ တွေ့ရတယ်။ တကယ် လိုအပ်တဲ့နေရာမှာကြတော့ မလုပ်ကြဘူး။ အခု ဒီ နမ့်ယွန်းချောင်းထဲမှာ အမှိုက်တွေပြည့်နေတာ အညစ်အကြေးတွေရောပဲ။ ခြင်အန္တရာယ်တွေ၊  သွေးလွန်တုတ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးတွေ တကယ် ထိထိရောက်ရောက် လုပ်ချင်ရင် ဒီချောင်းကို အရင်ရှင်းမှဖြစ်မှာ။ ဒီချောင်းမှာ အနံ့အသက်တွေက အရမ်းဆိုးနေတာ။ ဒီနေရာမှာ စုပေါင်း သန့်ရှင်းရေး လုပ်လိုက်ရင် ကျန်းမာရေးထိခိုက်မှုတွေ လျော့ပါးနိုင်တာပေါ့ရှင်"ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

ချောင်းအတွင်း အမှိုက်များနှင့် ပတ်သက်၍ ကိုးမြို့ရှင်နတ်နန်း အဆင်း ဈေးသို့သွားရာ နမ့်ယွန်းချောင်းအတွင်း၌ အမှိုက်များပြည့်နေသလို မကာဟိုခမ်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရာ နတ်စင်အနီးရှိ ချောင်းအတွင်း၌လည်း ယခုလို အမှိုက်များပြည့်နေပြီး ရေစီးရေလာအတွက် အဟန့်အတားဖြစ်နေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် နှစ်စဉ် မိုးရာသီရောက်တိုင်း ရေကြီး ရေလျှံမှုဖြစ်သည့် ဖြစ်စဉ်များထဲတွင်  နမ့်ယွန်းချောင်းလည်း အဓိက ထဲတွင် ပါဝင်သည်။ 

( ဖော်ပြပါ ပုံများမှာ ၂၀.၂.၂၀၂၄ နေ့ တွင် တွေ့မြင်ရသည့် အခြေအနေများဖြစ်သည်။ )