တာချီလိတ်မြို့တွင် စစ်တပ်နှင့်နီးစပ်သည့် လုပ်ငန်းရှင်တစ်စု လူမှုထူးချွန်ဆု ထပ်မံ ရရှိ

တာချီလိတ်မြို့တွင် စစ်တပ်နှင့်နီးစပ်သည့် လုပ်ငန်းရှင်တစ်စု လူမှုထူးချွန်ဆု ထပ်မံ ရရှိ
ဖေဖော်ဝါရီ 8, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ စစ်တပ်နှင့်နီးစပ်သည့် လုပ်ငန်းရှင်များ  အပါအဝင် (၇)ဦးကို အာဏာသိမ်းစစ်ကောင်စီ၏ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ၂၀၂၂ခုနှစ်အတွက် လူမှုရေးဆိုင်ရာထူးချွန်ဆုကို ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် တောင်ကြီးမြို့၌ ပေးအပ်သည်ဟု သိရသည်။

၂၀၂၂ခုနှစ်အတွက် လူမှုရေးဆိုင်ရာထူးချွန်ဆုများအဖြစ် တာချီလိတ်မြို့မှ အဆွေတော်နှင့် မြသဟာပုဂ္ဂလိဆေးရုံပိုင်ရှင် ဦးတင်လှိုင်၊ စံလင်းဖြိုးကုမ္ပဏီမှ ဦးလှအေး (ခ) ဦးအားတီနှင့် ဟိုတယ်တာချီလိတ် နှင့် ဘုရင့်နောင်ပုဂ္ဂလိကဈေးပိုင်ရှင်  ဦးထွန်းနေဦးတို့ကို လူမှုထူးချွန် (ဒုတိယအဆင့်) အဖြစ် ပေးအပ်ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့ (၃)ဦးသည် နိုင်ငံ့အာဏာသိမ်းသည့် ၂၀၂၁ခုနှစ်အတွင်း၌ စစ်တပ်၏ ဒေသတွင်း စည်းရုံးရေးဆင်းသည့် လူမှုရေးလုပ်ငန်းများကို ပါဝင်အားဖြည့်ခြင်း နှင့် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်၍ဟု ဆိုကာ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ရှမ်းပြည်နယ်နေ့တုန်းကလည်း ၂၀၂၁ခုနှစ်အတွက် လူမှုထူးချွန် (တတိယအဆင့်)ဆုကို ပေးအပ်ခဲ့သေးသည်။

ယခုနှစ်တွင် ၎င်းတို့ (၃)ဦးအပြင် ဇန်းမွန်အာခါဟိုတယ်ပိုင်ရှင် ဦးအာမဲ၊ ဦးအောင်နိုင် ( 1G1-11Hotel )၊ BM မေထန်ချိတ်သွပ်အမိုးပြား စက်ရုံမှ ဦးစိုင်းစိုင်း နှင့် မိုင်းဖုန်းဆရာတော်၏ ဝေရာဝစ္စများ နှင့် မိုင်းဖုန်းကောင်းမှုခမ်းလုံ ဗုဒ္ဓဂါယာ တည်ဆောက်ရေးတို့တွင် ဆောင်ရွက်သူ ဦးစိုင်းသန်းလွင်ဦး(စိုင်းစိုင် ဗုဒ္ဓဂါယာ)တို့ကို လူမှုထူးချွန် (တတိယအဆင့်)ဆု ပေးအပ်ချီးမြှင့်သည်။

တာချီလိတ်မြို့တွင် ယခင်က အလှူအတန်းနှင့်လူမှုရေးလုပ်ငန်းများ၌ ပါဝင်မှုနည်းခဲ့သူအချို့သည် နိုင်ငံ့အာဏာကို စစ်တပ်က သိမ်းလိုက်သည့်နောက်ပိုင်း၌  လူမှုရေးလုပ်ငန်းများကို ထင်ထင်ပေါ်ပေါ် လုပ်ဆောင်လာသူများလာခဲ့သည်။ 

#TachileikNewsAgency