တာချီလိတ်မြို့ တာလော့ဈေးအနီးရှိ နေအိမ်တွင် ဆိုင်ကယ်တစ်စီး ခိုးခံရ

တာချီလိတ်မြို့ တာလော့ဈေးအနီးရှိ နေအိမ်တွင် ဆိုင်ကယ်တစ်စီး ခိုးခံရ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ တာလော့ဈေးအနီးရှိ နေအိမ်တစ်အိမ်တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့က ဆိုင်ကယ်တစ်စီး ခိုးယူခံလိုက်ရကြောင်း သိရသည်။

ဘယ်အချိန်ပျောက်သွားတယ်တော့ မသိဘူးခင်ဗျ။ အိမ်ထဲမှာထားတာ။ မနက် အလုပ်သွားဖို့ ကြည့်လိုက်တော့ မရှိတော့ဘူး။ ရဲစခန်းတော့ မတိုင်ရသေးဘူး

ဟု ဆိုင်ကယ်ပိုင်ရှင်က ဆိုသည်။

ဆိုင်ကယ်ပျောက်ဆုံးမှုဖြစ်ပါက ရဲစခန်းသို့ အကြောင်းကြားထားကြရန် တာချီလိတ်မြို့မရဲစခန်းမှူးက အကြံပြုတိုက်တွန်းထားသည်။

 ဆိုင်ကယ်ပျောက်တယ်ဆိုရင် ရဲစခန်းကို လာပြီး အကြောင်းကြားထားပါ။ အကြောင်းကြားထားမှ ကျွန်တော်တို့က မှတ်တမ်းယူမယ်။ ဒီအချက်အလက်တွေရှိထားမှ သူခိုးတစ်ယောက်မိပြီဟေ့ဆိုရင် ဒီအချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးပြီးတော့မှ ကျွန်တော်တို့က ဖေါ်ထုတ်ရတာကိုး။ ဒီကနေ့ဆိုလည်း သူခိုးတစ်ယောက် မိပါတယ်။ အွန်လိုင်းမှာ တက်နေတဲ့ဆိုင်ကယ်နဲ့ပတ်သက်ပြီး ဆိုင်ကယ်လည်း ပြန်ရပြီ။ ဟိုတလောဆီက ခိုးသွားတဲ့ဆိုင်ကယ်ကိုလည်း လူနဲ့အတူ မိပါတယ်။ အဲဒီလို ဆက်စပ်ဖေါ်ထုတ်ရတာပေါ့

ဟု တာချီလိတ်မြို့မစခန်းမှူး ဒုရဲမှူး ကျော်ထွန်းနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ(၁၅)ရက်နေ့တွင် ပြောသည်။

ယင်းအပြင် ဆိုင်ကယ်စီးနင်းသူများအနေဖြင့်လည်း တရားဝင်မှတ်ပုံတင်ထားသည့် ဆိုင်ကယ် စီးနင်းကြရန်ကိုလည်း ရဲတပ်ဖွဲ့က တိုက်တွန်းထားသည်။

ပျောက်ဆုံးသွားသည့်ဆိုင်ကယ်မှာ Honda MSX 2016   အနက်ရောင်၊ ရွှေရောင်လက်ကိုင်ဖြစ်ကြောင်း သိရပြီး တွေ့ရှိပါက ဖုန်း 09 889175722 သို့ ဆက်သွယ်ပေးကြရန် ဆိုင်ကယ်ပိုင်ရှင်က မေတ္တာရပ်ခံထားသည်။

Tachileik News Agency

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။