ကရင်နီပြည်နယ် သံလွင်မြစ်အရှေ့ဖက်ကမ်းရှိ စစ်ကောင်စီ၏ တပ်စခန်း (၂)ခုမှ တပ်သားများ စခန်းစွန့်ခွါ ထွက်ပြေး

ကရင်နီပြည်နယ် သံလွင်မြစ်အရှေ့ဖက်ကမ်းရှိ စစ်ကောင်စီ၏ တပ်စခန်း (၂)ခုမှ တပ်သားများ စခန်းစွန့်ခွါ ထွက်ပြေး
ဖေဖော်ဝါရီ 17, 2024 | 2021 Military Coup| ကယား

ကရင်နီပြည်နယ်၊ ရှားတောမြို့နယ် သံလွင်မြစ်အရှေ့ဖက်ရှိ စစ်ကောင်စီ၏ ရှေ့တန်း အထိုင်တပ်စခန်း(၂)ခုမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွါထွက်ပြေးသွားကြောင်း KNDF ၏ ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ ဖေဖော်ဝါရီလ(၁၇)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါစခန်း(၂)ခုမှာ ဟွေအွန်တပ်စခန်းနှင့် ကျားပါးစပ်ကြီး တပ်စခန်းတို့ဖြစ်ပြီး ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်နေ့အထိ နောက်ဆုံးနေထိုင်၍ စခန်းများမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွါသွားခြင်းဖြစ် ကြောင်း သိရသည်။

စစ်ကောင်စီ၏ ဟွေပုန်းလောင်းဒေသ စိုးမိုးကုန်းတစ်ခုဖြစ်သည့်  ကျားပါးစပ်ကြီးစခန်းနှင့် နန့်ပန်ချောင်းဘေးတွင် အခြေပြုထားသော ဟွေအွန်တပ်စခန်းတို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှ (၁၃)ရက်နေ့အထိ ရဟတ်ယဥ်များဖြင့် လာရောက်ခေါ်ဆောင်သွားသည်ဟု ဆိုသည်။

အဆိုပါ တပ်စခန်းများမှာ ကရင်နီ - ထိုင်းနယ်စပ်အတွက် စစ်ကောင်စီ၏ အရေးပါသောရှေ့တန်းတပ်စခန်းများဖြစ်ပြီး ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် ဟွေအွန်စခန်းနေရာအား KNDF B/21 နှင့် KNPLF တို့ပူးပေါင်း၍ နယ်မြေရှင်းလင်းရေး ဝင်ရောက်လုပ်ဆောင်ခဲ့ပြီး စခန်းတွင်းရှိ ဆန်အိတ်အချို့နှင့် ခဲယမ်းအချို့တို့အား သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ကျားပါးစပ်ကြီးစခန်းနေရာအား ကရင်နီတပ်မတော် (KA)မှ ဝင်ရောက်ရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။