မင်းပြားမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်နေသဖြင့် အရပ်သားများဒဏ်ရာရ

မင်းပြားမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်နေသဖြင့် အရပ်သားများဒဏ်ရာရ
နိုဝင်ဘာ 14, 2023 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ကျိန်းတောင်ရှိ စစ်ကောင်စီတပ်ရင်းမှ ယနေ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၄)ရက်နေ့ ညပိုင်းတွင် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသဖြင့် လူနေရပ်ကွက်များအတွင်းသို့ကျရောက်ကာ ဒေသခံ(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကျိန်းတောင်ရှိ စစ်ကောင်စီတပ်ရင်းမှ မင်းပြားမြို့နယ် ဘူးပင်းရွာနှင့် ကျွန်းညိုရပ်ကွက်တို့ကို လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ရာ အရပ်သား (၂)ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

"တည့်တည့် ထိတာမဟုတ်တော့ မသေဘူး။ ခေါင်းမှာ ဗုံးဆံထိတယ်။ စစ်တပ်က ရမ်းပစ်နေတာ။ အခုလည်း ပစ်နေတယ်။"ဟု မင်းပြားမြို့နယ်မှ ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ဒဏ်ရာရ အရပ်သားများကို စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များက ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်ဟု စွပ်စွဲကာ ဖမ်းဆီးခိုင်းနေသည်။

ယမန်နေ့ နိုဝင်ဘာလ (၁၃)ရက် နံနက်ပိုင်းက မင်းပြားတိုင်းဗဟို (၉)မှထွက်လာသည့် စစ်ကောင်စီယာဉ် (၂)စီးအား ရာမောင်ဖက်မှ ပြန်အလာ မင်းပြားမြို့နယ် ချင်းဖားပြိုကျေးရွာဖက်တွင် AAမှ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား အများအပြား သေဆုံးသွားကြောင်း သိရသည်။ 

ထို့နောက် တိုက်ပွဲဖြစ်ပွားသည့်နေရာကို ကျိန်းတောင်တပ်စခန်းမှ လက်နက်ကြီးဖြင့် (၁၅)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်။

#TachileikNewsAgency