ဒီးမော့ဆိုမြို့ ဒေါငံခါးရပ်ကွက်တွင်း အာဏာသိမ်းစစ်တပ်က နေအိမ်များကို ဖောက်ထွင်းဝင်ရောက်ပြီး တန်းဖိုးရှိ ပစ္စည်းများ ယူဆောင်သွားသည့်အပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးသွား

ဒီးမော့ဆိုမြို့ ဒေါငံခါးရပ်ကွက်တွင်း အာဏာသိမ်းစစ်တပ်က နေအိမ်များကို ဖောက်ထွင်းဝင်ရောက်ပြီး တန်းဖိုးရှိ ပစ္စည်းများ ယူဆောင်သွားသည့်အပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးသွား
ဇွန် 9, 2021 | ကယား

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း အာဏာသိမ်းစစ်တပ်မှ ဇွန်လ(၈)ရက်နေ့က  နေအိမ်များအား ဖောက်ထွင်း၍ ဝင်ရောက်ပြီး တန်ဖိုးရှိ ပစ္စည်းများ ယူဆောင်သွားသလို နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ 

ဇွန်လ(၈)ရက်နေ့က ဒီးမော့ဆိုမြို့နယ် ဒေါငံခါးရပ်ကွက်အတွင်း လုံခြုံရေးယူထားသည့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)များအား လက်နက်ကြီး လက်နက်ငယ်များဖြင့် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ရပ်ကွက်တွင်းရှိ နေအိမ်များအား ဖောက်ထွင်းကာ တန်ဖိုးရှိ ပစ္စည်းများယူဆောင်၍ နေအိမ်များကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNDF က ဇွန်လ(၉)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ 

ဇွန်လ (၈)ရက်နေ့ နေ့လည်(၂) အချိန်ခန့်မှစ၍ ဒီးမော့ဆိုမြို့နယ် ဆိုဒဲခူကျေးရွာအနီး ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) နှင့် စစ်ကောင်စီတပ်များ (၂)နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သလို ဒေါငံခါးရပ်ကွက်တွင်လည်း လုံခြုံရေးယူနေသော KNDF တပ်ဖွဲ့များကို စစ်ကောင်စီတပ်မှ လက်နက်ကြီးများပစ်ခတ်၍ လာရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

အကြမ်းဖက် စစ်ကောင်စီတပ်မှ ဒီးမော့ဆိုမြို့နယ် ထွီလီးဘီလာကျေးရွာ အနီးတောင်ပေါ်တွင် တပ်ဆွဲထားပြီး မြို့တွင်းရှိ လူ​နေအိမ်များကို နေ့စဥ်လက်နက်ကြီးများဖြင့် ပစ်ခတ်နေသလို စနှိုက်ပါများဖြင့် လူထုများအား ချောင်းမြောင်း ပစ်ခတ်နေပြီး လွိုင်ကော်အခြေစိုက် အမြှောက်တပ်မှလည်း နေ့စဥ်တာဝေးပစ် အမြှောက်များဖြင့် ပစ်ခတ်လျှက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ဖက်မှ  ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်၏ အနောက်ဘက်ခြမ်းသို့ အာဏာသိမ်းစစ်တပ်၏ အင်အား (၄၀၀)ဝန်းကျင် ဝင်လာနေသည့်အတွက် ကရင်နီ(ကယား)ပြည်နယ်တွင်းနေပြည်သူများ သတိထားနေထိုင်ကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDP)က ပြည်သူများကို သတိပေးထားရှိသည်။



Photo: CJ