တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ပြင်းထန်တိုက်ပွဲအတွင်း အထိနာပြီး ဆုတ်ခွာထွက်ပြေးသွား၍ စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိ

Photo: PDO TNI
Photo: PDO TNI
တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ပြင်းထန်တိုက်ပွဲအတွင်း အထိနာပြီး ဆုတ်ခွာထွက်ပြေးသွား၍ စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိ

 တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း သဲဖြူကျေးရွာကို စစ်ကြောင်းထိုးကာ တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အထိနာဆုတ်ခွါသွားရာ စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် သဲဖြူကျေးရွာကို ၂၀၂၃ခုနှစ်၊ မတ်လ (၂၈)ရက်နေ့က စတင်ကာ စစ် ကြောင်းထိုးလာရာ ဧပြီလ (၁၂)ရက်နေ့တွင် အထိနာပြီး ပြန်လည်ဆုတ်ခွါသွားခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းတို့ ဆုတ်ခွါသွားပြီးနောက် မဟာမိတ်ပူးပေါင်းအဖွဲ့မှ နယ်မြေရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်၏ သုံးစွဲပြီးနှင့် ကျန်ရှိခဲ့သော ခဲယမ်းအချို့၊ ယူနီဖောင်းများ သိမ်းဆည်းရမိခဲ့သည်ဟု တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(People Defense Organization-Tanintharyi Division)က ယနေ့ သင်္ကြန်အကျနေ့ဖြစ်သည့် ဧပြီလ(၁၄)ရက်နေ့တွင်  သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ သဲဖြူရွာအတွင်းရှိ ခရစ်ယာန်ဘုရားကျောင်း နှင့် လူနေအိမ်အချို့ကို ဖျက်ဆီးခဲ့သည်ဟု သိရသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် တော်လှန်ရေးအင်အားစုများ၏ သတိပေးချက်များကို သတိပြုလိုက်နာကြရန် နှင့် စစ်ရေးသတိရှိကြရန်လည်း ထပ်မံအသိပေးထားသည်။