ဖားကန့်မြို့နယ် နန့်ပုတ်ရွာကို လေကြောင်းမှဗုံးကြဲမည်ဟု စစ်ကောင်စီတပ်ခြိမ်းခြောက်သဖြင့် ရွာလုံးကျွတ် တိမ်းရှောင်နေရ

ဖားကန့်မြို့နယ် နန့်ပုတ်ရွာကို လေကြောင်းမှဗုံးကြဲမည်ဟု စစ်ကောင်စီတပ်ခြိမ်းခြောက်သဖြင့် ရွာလုံးကျွတ် တိမ်းရှောင်နေရ
နိုဝင်ဘာ 24, 2023 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ပုတ်ရွာအား လေကြောင်းမှဗုံးကြဲတိုက်ခိုက်မည်ဟု စစ်ကောင်စီတပ်နှင့် ပူးပေါင်း SNA တပ်များက ခြိမ်းခြောက်သဖြင့် ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၃)ရက်နေ့ ညပိုင်းမှစတင်ကာ ဒေသခံများ ရွာလုံးကျွတ် ပြောင်းရွှေ့နေကြရကြောင်း သိရသည်။

ရှမ်းနီတပ်ဖွဲ့ SNA ခေါင်းဆောင် ဆိုင်းပန်ဆိုသူက နန့်ပုတ်ရွာလူကြီးကိုခေါ်ယူခြိမ်းခြောက်၍ ဗုံးကြဲတိုက်ခိုက်မည်ဖြစ်သဖြင့် ယမန်နေ့ ည(၁၂)နာရီမထိုးခင် ရွာအတွင်းမှ ဒေသခံများအားလုံး ထွက်သွားကြရန် ပြောဆိုခဲ့သည်ဟု ဆိုသည်။

“မနေ့ညကထွက်ခိုင်းတာပေါ့။ (၁၁)နာရီလောက်မှာ ထွက်ခိုင်းတာပေါ့။ ဘုန်းကြီးကျောင်းမှာလည်း မနေဖို့၊ ခြိမ်းခြောက်တဲ့သဘောပေါ့။ လေယာဉ်ဗုံးလာကြဲမှာဖြစ်တဲ့အတွက် ည(၁၂)နာရီနောက်ဆုံးထားထွက်ပေးဖို့ ပြောလို့ ပြည်သူတွေရှောင်ပြေးရတယ်။ အခုက တစ်ရွာလုံး၊ ဘုန်းကြီးလည်းတိမ်းရှောင်နေရတယ်။ အရင်ကတော့ ဘုန်းကြီးကျောင်းမှာ သွားတိမ်းရှောင်နေကြတာပေါ့။ အခုတော့ ဘုန်းကြီးလည်း မမြင်ချင်ဘူးဆိုတော့ နန့်ပုတ်ရွာ အရှေ့ဘက်လယ်ယာကိုင်းတောတွေမှာ သွားနေကြရတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဒေသခံများ တိမ်းရှောင်ပြီးနောက် စစ်ကောင်စီတပ်နှင့် SNAတပ်များသည် လက်နက်ကြီးနှင့် (၄)ချက်ခန့် ပစ်ခတ်ခဲ့သဖြင့် KIAပူးပေါင်း PDF တပ်များဘက်ကလည်း လက်နက်ကြီးဖြင့် (၃)ချက်ခန့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ယင်းသို့ဒေသခံများအား ရွာအတွင်းမှ ထွက်သွားခိုင်းရခြင်းမှာ စစ်ကောင်စီတပ်က KIA ပူးပေါင်း PDFတပ်များအား ဒေသခံများကထောက်ခံနေကြောင်း စွပ်စွဲချက်အပြင် SNA တပ်သားများ ယခုရက်ပိုင်းအတွင်း အလင်းဝင်လာကြခြင်း၊ ပြီးခဲ့သည့်ရက်ပိုင်းက ဆယ်ဇင်းရှိ ၎င်းတို့စခန်း(၄)ခု သိမ်းပိုက်ခံရခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း KPDFတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

“SNA ဘက်က အလင်းဝင်လာတာများတော့ ဒါတွေနဲ့ပတ်သက်မယ်ထင်တယ်။ လက်နက်နဲ့တကွ အလင်းဝင်လာတာများတယ်။ နောက်ထပ်ဝင်လာဖို့ ကမ်းလှမ်းထားတာတွေရှိတယ်။ ဒါတွေနဲ့လည်း သက်ဆိုင်မယ်ထင်တယ်။ အရင်တစ်ခေါက်က စစ်ကောင်စီတပ်ရဲ့ နေရာတွေကို သိမ်းယူလိုက်တာရှိတယ်။ လမ်းကြောတွေကို ဖြတ်တောက်ထားနိုင်တာပေါ့။ နန့်ပုတ်ဆိုတာက တြိဂံနယ်မြေလိုမျိုး ကြားထဲမှာဖြစ်နေတာပေါ့လေ။  PDF၊ KIA တပ်ဖွဲ့ဝင်တွေ ဈေးဝယ်တာတွေရှိတော့ သူတို့စွပ်စွဲထားတာက နန့်ပုတ်ကလူတွေက PDFတွေကို ထောက်ပံ့ထားတယ်တို့၊ တိုက်ပွဲဖြစ်ရင် ထမင်းချက်ပြုတ်ကျွေးတယ်တို့စွပ်စွဲပြီးတော့ အဲဒီရွာကို မျက်စိဆံပင်မွှေး စူးနေတာပေါ့။ နောက်ပြီးတော့ သူတို့ဆီကို ရိက္ခာပို့ဖို့က ဒီလမ်းကြောင်းကပဲ သွားရတာဆိုတော့ လမ်းကြောင်းတွေပိတ်နေတော့ သူတို့လိုအပ်တဲ့ ရေနံဆီတို့၊ စားသောက်ကုန်တို့ အဝင်အထွက်မရှိတော့ သူတို့ဘက်မှာ ခက်ခဲနေတယ်ပေါ့။”ဟု ၎င်းကပြောသည်။

ရက်ပိုင်းအတွင်းက SNA တပ်သား(၅)ဦး လက်နက်နှင့်တကွ အလင်းဝင်လာခဲ့ပြီးနောက် ထပ်မံချိတ်ဆက်သူများ ရှိနေပြီး စစ်ကောင်စီတပ်ဘက်ကလည်း အလင်းဝင်ရန် လာရောက်ကမ်းလှမ်းသူများလည်းရှိနေသည်ဟု ဆိုသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီတပ်နှင့် SNA တပ်များအထိုင်ချထားသည့် ဆယ်ဇင်းရှိ SNA စခန်းကုန်း၊ ပန်ချယ်တပ်စခန်း၊ သံယောဇဉ်ကုန်းရှိ စစ်ကောင်စီတပ်စခန်းတို့ကို KIAပူးပေါင်း PDF တပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းများသိမ်းဆည်းရှိခဲ့သည်။

“ကျွန်တော်တို့ စခန်းသိမ်းပြီးတော့ မထိုင်ဘူး။ ဒီအတိုင်းပဲ သူတို့စခန်းကိုသွားသိမ်းတယ်။ ပြီးတော့ ပြန်လာတယ်။ အဲဒီနေရာတွေက ဘယ်လိုမှ ထိုင်လို့မရတဲ့နေရာတွေ။ နေရာကဗြောင်ဖြစ်နေလို့ လေကြောင်းရန်အတွက် အကာအကွယ်မဖြစ်တော့။ သွားသိမ်းကတည်းက ထိုင်ဖို့အစီအစဉ်တော့မရှိဘူး။ သိမ်းတဲ့သဘောပါပဲ။ ခုတော့ သူတို့ဘက်က ပြန်နေတာတွေ့တယ်။ အရင်တုန်းကလိုမျိုး ပေါ်ပေါ်ထင်ထင်နေတာမျိုးတော့ မတွေ့ဘူး။ လူသိပ်မထားတော့ပဲ သူတို့စခန်းသူတို့ပြန်နေတယ်ဆိုတဲ့ သဘောပဲရှိတော့တယ်။”ဟု KPDFမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

တိုက်ပွဲဖြစ်ပွားသည့်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်း(၃)ကြိမ်လာရောက်ပြီး (၂)ကြိမ်ပစ်ခတ်မှုပြုလုပ်ခဲ့ပြီးနောက် ယနေ့အထိ လေကြောင်းတိုက်ခိုက်မှု မရှိသေးသော်လည်း ဒေသခံများ တိမ်းရှောင်နေကြရခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency