လီလီနိုင်ကျော်ကို ပစ်ခတ်သူ (၂)ဦးဟုဆိုကာ အဆောင်နေ အမျိုးသား(၂)ဦး ဖမ်းခံထားရ

လီလီနိုင်ကျော်ကို ပစ်ခတ်သူ (၂)ဦးဟုဆိုကာ အဆောင်နေ အမျိုးသား(၂)ဦး ဖမ်းခံထားရ

စစ်တပ်ထောက်ခံသူ၊ အမျိုးသားရေးလှုပ်ရှားသူဟုလည်း လူသိများသည့် အဆိုတော် လီလီနိုင်ကျော်ကို ပစ်ခတ်ခဲ့သူများအား ဖမ်းဆီးရမိသည်ဟုဆိုကာ အဆောင်နေ အမျိုးသား(၂)ဦးကို စစ်ကောင်စီဘက်က ဖမ်းဆီး၍ ယနေ့ ၂၀၂၃ခုနှစ်၊ ဇွန်လ(၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။



ကောင်းဇာနည်ဟိန်း(ခ)လပြည့်နှင့် ကျော်သူရ(ခ)အီးတီတို့ (၂)ဦးကို ဇွန်လ(၄)ရက်နေ့၊ နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ်အတွင်းရှိ အမျိုးသားအဆောင်တစ်ခုမှ ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသော်လည်း လီလီနိုင်ကျော် ပစ်ခတ်ခံရခြင်းသည် ၎င်းတို့နှင့် သက်ဆိုင်ခြင်း ရှိ၊မရှိကိုမူ Tachileik News Agency အနေဖြင့် အတည်မပြုနိုင်ခြင်း မရှိသေးပါ။



၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့၊ ညနေပိုင်းတွင် အဆိုတော် လီလီလီနိုင်ကျော်သည် ၎င်းနေထိုင်သည့် ရန်ကင်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ ရန်အောင်လမ်း၊ တိုက်အမှတ်(က/၂၆၇)၊ တိုက်ခန်းအမှတ်(၇)ရှေ့ ၌ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။



ထို့နောက် သေဆုံးခြင်းမရှိသေးပဲ သေနတ်ပစ်ခတ်ခံရသည့် ဒဏ်ရာကို တစ်ပတ်နီးပါးကြာ ကုသမှုခံယူခဲ့ရပြီးနောက် ဇွန်လ(၆)ရက်နေ့ ၊ နံနက်ပိုင်းမှာ သေဆုံးသွားပြီဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူများက လူမှုကွန်ယက်တွင် ရေးသားထားကြသည်။



#TachileikNewsAgency