ပုလောမြို့နယ် မီးလောင်ချောင်းရွာရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

ပုလောမြို့နယ် မီးလောင်ချောင်းရွာရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်
အောက်တိုဘာ 23, 2023 | 2021 Military Coup| အခြားဒေသများ

တနင်္သာရီတိုင်း ပုလောမြို့နယ် မီးလောင်ချောင်းကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အထိုင်ချထားသည့် စစ်ဆေးရေးဂိတ်ကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၁)ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၎င်းစစ်ဆေးရေးဂိတ်ကို ပုလောမြို့နယ်အခြေစိုက် တောကြီးမြွေဟောက်(King Cobra Force)တပ်ဖွဲ့ နှင့် ပုလော PDFတပ်ခွဲ(၃)မှ ရဲဘော်များပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိကြောင်း တောကြီးမြွေဟောက်တပ်ဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ(၂၈)ရက်နေ့ကလည်း ပုလောမြို့နယ်၊ (၆)မိုင်အနီးတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို King Cobra  Force(တောကြီးမြွေဟောက်တပ်ဖွဲ့)၊ မဟာမိတ်တပ်ဖွဲ့ PPDF တပ်ခွဲ(၁)တို့ကတိုက်ခိုက်ခဲ့သည်။

ထို့အပြင် ယင်းနေ့တွင်ပင် ပုလောမြို့နယ် မျှစ်ချဉ်စုကျေးရွာ၊ စာသင်ကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို King Cobra Force အဖွဲ့ နှင့် မဟာမိတ်တပ်ပေါင်းစုတို့က ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency