ဘောလခဲမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ (၁၂)မိုင်ကုန်းစခန်းကို မဟာမိတ်ပူးပေါင်းတပ်များ သိမ်းပိုက်

ကရင်နီပြည်နယ် ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီတပ်၏ (၁၂)မိုင်ကုန်းစခန်း [ Photo: Force for Federal Democracy - FFD ]
ကရင်နီပြည်နယ် ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီတပ်၏ (၁၂)မိုင်ကုန်းစခန်း [ Photo: Force for Federal Democracy - FFD ]
ဘောလခဲမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ (၁၂)မိုင်ကုန်းစခန်းကို မဟာမိတ်ပူးပေါင်းတပ်များ သိမ်းပိုက်
ဖေဖော်ဝါရီ 9, 2024 | 2021 Military Coup| ကယား

ကရင်နီပြည်နယ် ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီတပ်၏ (၁၂)မိုင်ကုန်းစခန်းကို မဟာမိတ်ပူးပေါင်းတပ်များက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

အဆိုပါစခန်းအား တိုက်ခိုက်သိမ်းပိုက်စဉ် FFD Drone တပ်ဖွဲ့မှ ဖေဖော်ဝါရီလ (၅)ရက်နေ့မှစတင်ကာ (၈)ရက်နေ့အထိ Drone ဖြင့် ဗုံးသီးစုစုပေါင်း (၄၅)လုံးကိုကြဲချကာ ပစ်ကူပေးခဲ့ပြီး စခန်းအတွင်းမှ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း Force for Federal Democracy(FFD Drone)တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း သိမ်းဆည်းရမိသော စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများနှင့် Drone Jammer/Drone Gun များဖြင့် FFD Drone Pilot ရဲမေတစ်ဦးအား မဟာမိတ်တပ်ဖွဲ့များနှင့်အတူတွေ့ရစဉ် [ Photo: Force for Federal Democracy - FFD ]

စခန်းအတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ်နှင့် ဗုံးသီးမျိုးစုံကို တော်လှန်ရေးတပ်များက သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးသူကို အတည်ပြု၍ မရသေးဟုလည်း ဆိုသည်။

တိုက်ခိုက်မှုကို FFD Drone တပ်ဖွဲ့၊ ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး(ကလလတ)၊ ဘော်လခဲ PDF တပ်ဖွဲ့များနှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများပူးပေါင်း၍ တိုက်ခိုက်သိမ်း ပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

FFD Drone တပ်ဖွဲ့သည် ဆီဆိုင်မြို့တွင်လည်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ စစ်ရေးလှုပ်ရှားနေသည်ဟု သိရသည်။