ကယားပြည်နယ်တွင်းရှိ နိုင်ငံရေးပါတီများ လူစုလူဝေးဖြင့် မဲဆွယ်ခြင်း မလုပ်ရန် ပြည်နယ်ကျန်းမာရေး တိုက်တွန်း

ကယားပြည်နယ်တွင်းရှိ နိုင်ငံရေးပါတီများ လူစုလူဝေးဖြင့် မဲဆွယ်ခြင်း မလုပ်ရန် ပြည်နယ်ကျန်းမာရေး တိုက်တွန်း
အောက်တိုဘာ 4, 2020
By Tachileik News Agency
ကယားပြည်နယ်တွင်းရှိ နိုင်ငံရေးပါတီများ လူစုလူဝေးဖြင့် မဲဆွယ်ခြင်း မလုပ်ရန် ပြည်နယ်ကျန်းမာရေး တိုက်တွန်း
*************
ကယားပြည်နယ်တွင်း  Covid-19 ရောဂါကူးစက်ပြန့်ပွားမှုအား ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် နိုင်ငံရေးပါတီများအနေဖြင့် လူစုလူဝေးဖြင့်မဲဆွယ်မှုများ အတတ်နိုင်ဆုံး မပြုလုပ်ကြရန် ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က တိုက်တွန်းလိုက်သည်။

“အခုဟာက လူတွေထောင်ချီပြီးသွားနေကြတဲ့အတွက် မလုပ်စေချင်ပါဘူး။ ဒါပွင့်ပွင့်လင်းလင်း ပြောတာပါ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာစေချင်ပါတယ်။ ဘယ်အဖွဲ့စည်း ဘယ်ပါတီပဲဖြစ်ဖြစ် လူစုလူဝေး လုပ်တဲ့ကိစ္စတွေ တတ်နိုင်သမျှမဆောင်ရွက်ကြဖို့ ကျွန်တော့် အနေနဲ့မေတ္တာရပ်ခံချင်ပါတယ်။ မဲဆွယ်တာက ရွေးကောက်ပွဲနီးလာပြီဆိုတော့ လုပ်စေချင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံကြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကို ဦးဆောင်မှုပေးနိုင်မယ့်ပါတီတွေ အစိုးရဖွဲ့နိုင်ဖို့ ဒီရွေးကောက်ပွဲကလည်း အရေးကြီးပါတယ်။ သို့သော် လတ်တလောဖြစ်နေတဲ့ရောဂါကြီးနဲ့ ကူးစက်ပြန့်ပွားမှု မရှိအောင်အားလုံးလိုက်နာပေးကြပါလို့ တိုက်တွန်းပါတယ်။ နောက်ဆုံးဒီရောဂါဖြစ်ပွားခဲ့ရင် မဲတောင်မပေးလိုက်ရဘဲနဲ့ ဒုက္ခရောက်မယ့်အရာတွေမဖြစ်စေချင်တာပါ။ ” 

ဟု ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာလ (၈) ရက်နေ့မှစ၍ ခွင့်ပြုပေးခဲ့ပြီး ကယားပြည်နယ်အတွင်း  ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများမှာလည်း အဆိုပါနေ့မှစ၍ မြို့နယ်တိုင်းတွင် သက်ဆိုင်ရာပါတီဝင်များနှင့် ကိုယ်စာလှယ်လောင်းများက မဲဆွယ်စည်းရုံးမှုများပြုလုပ်နေကြခြင်းဖြစ်သည်။
“ နိုင်ငံရေးပါတီတွေအနေနဲ့ အားလုံးပေါ့လေ။ မဲဆွယ်ပွဲတွေတောက်လျှောက်လုပ်နေတဲ့အခါမှာ အများစုက လူအင်အားပြကြတယ်လို့ယူဆတယ်။ လူက ထောင်ချီတာရော သောင်းချီတာရော ရှိတယ်။ ကားတွေပေါ်မှာဆိုလည်း လူတွေအပြည့်ပေါ့လေ ။ ကိုယ့်ပါတီအောင်နိုင်ရေးအတွက် လုပ်ကြတဲ့အပေါ်မှာ ဘာမှမပြောလိုပေမဲ့ ကိုဗစ်ဒုတိယလှိုင်းမှာ တကယ်စိုးရိမ်စရာအခြေနေဖြစ်လာပြီ။ ကျွန်မတို့ ကယားမှာ မဖြစ်သေးဘူးဆိုပေမဲ့ ကြိုတင်ကာကွယ်ဖို့လိုတယ်။ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ကိုယ်ချင်းစာမိတာပေါ့လေ။ မဲတော့ဆွယ်ကြပေါ့။ လူထောင်သောင်းချီပြီးတော့ မလုပ်သင့်ဘူးလို့ ထင်ပါတယ်။”
ဟု လွိုင်ကော်မြို့မှ ဒေသခံတစ်ဦးဖြစ်သည့် ဒေါ်မေရီကပြောသည်။
လက်ရှိကယားပြည်နယ်တွင် Covid-19 ရောဂါပိုး ကူးစက်ဖြစ်ပွားမှု မရှိသေးသော်လည်း ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများနှင့် ပြည်တွင်းမှ လာရောက်လာသူများ ပြည်နယ်တွင်း နေ့စဉ်ဝင်ရောက်နေခြင်းကြောင့် ရောဂါပိုးဖြစ်ပွားသူများရှိလာပါက လူစုလူဝေး ပြုလုပ်သောနေရာများတွင် ထိန်းချုပ်ရန်ခက်ခဲလာမည်ဖြစ်ကြောင်း ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က သတိပေးပြောကြားထားသည်။

“ကျွန်တော်တို့ဆီမှာ ပိုးမတွေ့သေးဘူးဆိုတာ နိုင်ငံခြားကနေလည်းပြန်လာကြပါတယ်။ ပြည်တွင်းကနေလည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စတဲ့နေရာတွေက ပြန်တာတွေရှိတယ်။ ခုချိန်မှာမတွေ့သေးဘူးဆိုတာ လာတဲ့ထဲမှာ အင်မတန်ကံကောင်းနေလို့ပိုးပါတဲ့သူတွေမရှိသေးလို့ ကံကောင်းနေတာပါ။ အကယ်၍များ ဒီထဲမှာများ မဲဆွယ်စည်းရုံးရင်း သွားရင်းလာရင်း တစ်ယောက်၊ နှစ်ယောက်ကနေ ကူးစက်ခဲ့မယ်ဆိုရင် အများကြီးကူးစက်သွားမှာဖြစ်လို့ အဲဒီလိုအချိန်ကျရင်ရောဂါကိုထိန်းချုပ်ဖို့ခက်သွားမှာဖြစ်ပါတယ်။ ”

ဟု ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျန်းမာရေးနှင့်အားကစားဝန်ကြီဌာန၏ ရွေးကောက်ပွဲကျင်းပရာတွင် Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မဲဆွယ်စည်းရုံးရာတွင် လိုက်နာရမည့် အချက်များကို  စက်တင်ဘာလ (၇) ရက်နေ့ကထုတ်ပြန်ခဲ့ပြီး လူ(၅၀)ဦးထက်ပို၍  မဆောင်ရွက်ရန်၊ မဲဆွယ်ကာလ တစ်လျှောက်တွင် လူတစ်ဦးနှင့်တစ်ဦး (၆)ပေအကွာတွင်နေရန်၊ ကိုယ်စားလှယ်လောင်းများနှင့် မဲဆွယ်ရာတွင် လိုက်ပါသူများက mask နှင့်မျက်နှာအကာ(face shield)များတပ်ဆင်ရန်၊ လူ(၄)ဦးထက်ပို၍ စီးနင်းနိုင်သော မော်တော်ယာဉ်အမျိုးအစားအလိုက် တင်ဆောင်နိုင်သော လူဦးရေ၏ တစ်ဝက်ကိုသာ တင်ဆောင်ရန် ၊ တစ်ဦးနှင့်တစ်ဦး လက်ဆွဲနှုတ်ဆက်ခြင်းနှင့် ပွေ့ဖက်ခြင်းများ မပြုလုပ်ရန် နှင့် မဲဆွယ်စည်းရုံးရာတွင် လူစုလူဝေး မဖြစ်ရေးကို အဓိကဦးတည်လုပ်ဆောင်ရန် စသည့် အချက်များ ပါဝင်သည်။
၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာလ (၈) ရက်နေ့မှ နိုဝင်ဘာလ (၆) ရက်နေ့ထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရက်ပေါင်း(၆၀)ခွင့်ပြုထားပြီး မဲဆွယ်စည်းရုံးရာတွင် လူ(၅၀)ဦးထက်ပို၍ စုဝေးကာမဲဆွယ်စည်းရုံးခြင်းမပြုလုပ်ကြရန် ကန့်သတ်ထားခြင်းဖြစ်သည်။
လာမည့်ရွေးကောက်ပွဲတွင် ကယားပြည်နယ်တွင်းမှ နိုင်ငံရေးပါတီ (၁၃)ပါတီနှင့် တသီးပုဂ္ဂလကိုယ်စာလှယ်လောင်း(၁၃)ဦး ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~