သင်္ဃန်းကျွန်းမြို့နယ် ရန်အောင်ရပ်ကွက်တွင် တစ်အိမ်တည်းမှ သားနှင့် သားမက်ဖြစ်သူနှစ်ဦး စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသဖြင့် မိခင်ဖြစ်သူ သတ်သေမှုပြုလုပ်၍ ဆေးရုံတင်ထားရ

သင်္ဃန်းကျွန်းမြို့နယ် ရန်အောင်ရပ်ကွက်တွင် တစ်အိမ်တည်းမှ သားနှင့် သားမက်ဖြစ်သူနှစ်ဦး စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသဖြင့် မိခင်ဖြစ်သူ သတ်သေမှုပြုလုပ်၍ ဆေးရုံတင်ထားရ

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ရန်အောင်ရပ်ကွက်တွင် တစ်အိမ်တည်းမှ သားနှင့် သားမက်ဖြစ်သူနှစ်ဦးတို့ စစ်မှုထမ်းရန် ရပ်ကွက်ရုံးမှ အတင်းအဓမ္မစုဆောင်းသဖြင့် မိခင်ဖြစ်သူက ကိုယ့်ကိုကိုယ်သတ်သေမှုဖြစ်ကာ စံပြဆေးရုံသို့ တင်ထားရကြောင်း ဒေသခံများထံမှ သိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက ရပ်ကွက်အတွင်းရှိ လူငယ်များကို စစ်မှုထမ်းရန် မဲနှိုက်ခြင်းမရှိဘဲ လူငယ်(၁၀)ဦးကို ရွေး၍ ၂၀၂၄ခုနှစ် မတ်လ (၂၇)ရက်နေ့ ညပိုင်းက လာရောက်ခေါ်ဆောင်ရာ (၈)ဦးမှာ ထွက်ပြေးသွားပြီး ဆေးသမားနှင့် အတက်ရောဂါအခံရှိသူတစ်ဦးသာ စစ်မှုထမ်းရန်ပါသွားကြောင်း ဒေသခံများက ပြောသည်။

“သားကော၊ သားမက်ကောပါလို့ဆိုပြီးတော့ မအေက ကိုယ့်ကိုကိုယ်ဓားနဲ့ထိုး၊ အဲဒါကို လူတွေဝိုင်းဆွဲလို့ဆိုပြီး အုတ်နံရံကို ခေါင်းနဲ့စောင့်လို့ အခုဆေးရုံတင်ထားရတယ်။ သားနဲ့သားမက်ကတော့ ထွက်ပြေးသွားတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

 

ရပ်ကွက်အတွင်းရှိ လူငယ်များကို ရာအိမ်မှူး လင်းထွန်းနှင့် ရဲသားတို့ပူးပေါင်းပြီး လွန်ခဲ့သည့် တစ်ပတ်ခန့်က စာများပေးပို့ခဲ့ခြင်းဖြစ်ကာ အဆိုပါလူငယ်များမှာ ငွေကြေးမပေးနိုင်သဖြင့် အမည်စာရင်းအတွင်း ပါဝင်လာသူများဖြစ်သည်ဟုလည်း ဆိုသည်။

“စာထဲမှာ အမည်ပါတဲ့သူတွေကို အမည်နဲ့တကွလာခါ်တယ်။ ညကျရင် ရုံးမှာလာအိပ်ရမယ်။ မနက်ကျရင် ခေါ် သွားမယ်။ ဆေးစစ်မယ်ဆိုပြီးခေါ်တာပေါ့နော်။  (၂)ယောက်ကတော့ ပါသွားတယ်။ (၈)ယောက်ကတော့ ထွက်ပြေးသွားတယ်။ ပါသွားတဲ့နှစ်ယောက်ကတော့ မနေ့ညကပဲပါသွားတာပေါ့နော်။ လာခေါ်တာကတော့ ရွေးထားတဲ့ (၁၀)ယောက်လုံးကို လာခေါ်တာ။ အိမ်မှာမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပြေးသွားကြတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်မှုထမ်းကိစ္စနှင့်ပတ်သက်၍ အုပ်ချုပ်ရေးမှူးက ရန်အောင်ရပ်ကွက်ရှိ လူငယ်အရေအတွက်နှင့် စစ်မှုထမ်းနိုင်မည့် လူငယ်မည်မျှ ပေးပို့မည်ဆိုသည်ကို မြို့နယ်အဆင့်ဆွေးနွေးပွဲတွင် တင်ပြပြောဆိုခဲ့သူဖြစ်ကာ နှစ်ပိုင်းခွဲထားသည့် ရန်အောင်ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးနေထိုင်သည့် အပိုင်းမှ လူငယ်များမှာ စစ်မှုထမ်းရန်မပါဟုလည်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း သင်္ဃန်းကျွန်းမြို့နယ် ဦးစံဖေရပ်ကွက်တွင် လူငယ်များအား စစ်မှုထမ်းရန် အတင်းဖိအားပေးနေသည့် အုပ်ချုပ်ရေးမှူးကို လူငယ်တချို့က ဓားဖြင့်ထိုးသွားသဖြင့် အုပ်ချုပ်ရေးမှူး ဓားဒဏ်ရာများ ရသွားကြောင်း သိရသည်။ 

စစ်ကောင်စီက လုပ်ဆောင်နေသည့် စစ်မှုထမ်းကိစ္စနှင့်ပတ်သက်ပြီး ရပ်ကွက်နေလူငယ်(၂)ဦးကို အုပ်ချုပ်ရေးးမှူးက အမည်နှင့်တကွ စာရင်းသွင်းသဖြင့် အဆိုပါလူငယ်များက မကျေနပ်ခြင်းကြောင့် မတ်လ(၁၅)ရက်နေ့ ညပိုင်းတွင် အုပ်ချုပ်ရေးမှူး အပြင်ထွက်လာချိန် ဓားနှင့်ထိုးရာ အုပ်ချုပ်ရေးမှူး၏ လက်မောင်းနှင့် လည်ပင်းတို့တွင် ထိရှဓားဒဏ်ရာများ ရရှိသွားခြင်းဖြစ်သည်။

ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအား အကောင်အထည်ဖော်ရန် ပါဝင်ကူညီသူများကို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်းလည်း ရန်ကုန်မြို့ပြပြောက်ကျား(၅)ဖွဲ့က ၂၀၂၄ ခုနှစ် မတ်လ(၁၉)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ 

စစ်ရှုံးကာ အင်အားနည်းနေသည့် စစ်ကောင်စီသည် လူငယ်များအား အဓမ္မစစ်မှုထမ်းစေခိုင်းရန် အတင်းဖိအားပေးခြင်း ပြုလုပ်နေသော်လည်း ၎င်းတို့၏ သား၊ သမီးများကိုမူ စစ်မှုထမ်းခိုင်းခြင်းမရှိပေ။

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ မြန်မာနိုင်ငံတွင် စစ်မှုထမ်းနိုင်သူ (၁၄)သန်းရှိနေပြီး အသက်(၁၈)နှစ် ပြည့်ပြီးသူ အမျိုးသမီး၊ အမျိုးသားတိုင်းကို စစ်မှုထမ်းသက်တမ်း (၂)နှစ်နှင့် အရေးပေါ်အခြေအနေဆိုပါက (၅)နှစ်အထိ အဓမ္မစေခိုင်းနိုင်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

#TachileikNewsAgency