ပခုက္ကူမြို့နယ်တွင် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦး သေဆုံး

ပခုက္ကူမြို့နယ်တွင် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့နယ် ကမ္မမြို့မှ တွင်းမပျူရွာသို့ ထွက်ခွာလာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား ၂၀၂၄ခုနှစ် ဧပြီလ ၂၀ ရက်နေ့ နံနက် ၇ နာရီခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ မျက်မြင်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦး သေဆုံးခဲ့ကြောင်း Peoples Defence Force–Kammaမှ ဧပြီလ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။

တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိပဲ ဘေးကင်းရာသို့ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုအား P.D.F KAMMA တပ်ခွဲ(၂) (ကမ္မတပ်ပေါင်းစု)၊ Kamma Unground P.D.F (ကမ္မတပ်ပေါင်းစု)၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁) တပ်ခွဲ(၂)၊ MYAING WARRIORS၊ HERO NEW GZ၊MRDF၊ ဘီလုံးငှက်တပ်ဖွဲ့၊ လင်းယုန်ပြောက်ကျားတပ်ဖွဲ့၊ Black Cheetah People Defense Forceတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့ကလည်း ကမ္မမြို့ ရန်ကင်းရွာအနီး လမ်းဘေးဝဲယာရှိ ပြည်သူ့နေအိမ်များသို့ဝင်ရောက်ကာ ပစ္စည်းများသယ်ဆောင်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို PDF ကမ္မမှ ပေပါမိုင်း ၂ ပွိုင့်ဖြင့် (၂)ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ဦးသေဆုံးခဲ့ပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Peoples Defence Force – Kamma၏ ထုတ်ပြန်ချက်အရသိရသည်။

#TachileikNewsAgency