စစ်တပ်အာဏာသိမ်းခြင်းကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များရပ်ဆိုင်းသွားရပြီး ကျန်ရှိ ၅ ဖွဲ့ဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် လုံးဝဖြစ်နိုင်ချေမရှိဟု ALP ဆို

စစ်တပ်အာဏာသိမ်းခြင်းကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များရပ်ဆိုင်းသွားရပြီး ကျန်ရှိ ၅ ဖွဲ့ဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် လုံးဝဖြစ်နိုင်ချေမရှိဟု ALP ဆို
ဇန်နဝါရီ 31, 2024 | 2021 Military Coup| အခြားဒေသများ

စစ်တပ်အာဏာသိမ်းခြင်းကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရပ်ဆိုင်းသွားရပြီး NCA(၅)ဖွဲ့ဖြင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် လုံးဝဖြစ်နိုင်ချေမရှိဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)က ပြောဆိုလိုက်သည်။

၂၀၂၄ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု ကရင့်တော်လှန်ရေးနေ့အခမ်းအနားကို ပေးပို့သည့် သဝဏ်လွှာတွင် ယင်းသို့ ပြောဆိုထားခြင်းဖြစ်သည်။

NLDအစိုးရ၏ (၄)ကြိမ်မြောက်ပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ (၂၁)ရာစုပင်လုံညီလာခံ၌ သဘောတူညီချက်အချို့ ရရှိထားခဲ့ပြီးဖြစ်သော်လည်း NLD အစိုးရသစ် ပြန်လည်ဖွဲ့စည်းရာတွင် စစ်ကောင်စီက မမျှော်လင့်ဘဲ အာဏာသိမ်းယူမှုကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရပ်ဆိုင်းသွားရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် KNUသည် ငြိမ်းချမ်းရေးအပေါ် ယုံကြည်မှုအားနည်းသွားသည့်အတွက် PPSTနိုင်ငံရေးဦးဆောင်မှုအလုပ်အဖွဲ့နှင့်လည်း ကင်းကွာသွားခြင်းဖြစ်ပြီး PPST၏ ယခင်(၁၀)ဖွဲ့မှ ယခု(၅)ဖွဲ့နှင့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် လုံးဝဖြစ်နိုင်ချေမရှိဟုမှတ်ယူကြောင်း ဖော်ပြထားသည်။

ထို့အပြင် KNU၏ မှန်ကန်ကြီးမြတ်တရားသော တော်လှန်ရေးသည် မကြာသည့်အချိန်တွင် အောင်ပွဲခံရမည်ဖြစ်ကြောင်းလည်း သဝဏ်လွှာတွင်ဖော်ပြထားသည်။

ဘဝတူအဖိနှိပ်ခံတိုင်းရင်းသားလူမျိုးများသည် လူမျိုးတမျိုးစီတွင် ရှိသင့်၊ ရှိထိုက်သော အမျိုးသားအခွင့်အရေးနှင့် ဒီမိုကရေစီအရေးများ ဆုံးရှုံးနေရသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး အဆိုပါအခွင့်အရေးများအတွက် တိုက်ပွဲဝင်ရာတွင် ဘဝတူ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်ရေးနှင့် သွေးစည်းမှုကို ပိုမိုခိုင်မာအောင် တည်ဆောင်ကြပြီး စုပေါင်းတော်လှန်တိုက်ပွဲဝင်ကြရန် အလွန်အရေးကြီးနေခြင်းဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

ALPသည် NCAလက်မှတ်ရေးထိုးထားပြီး လက်ရှိတွင် စစ်ကောင်စီနှင့် မကြာခဏ တွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

#TachileikNewsAgency